မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မော်လမြိုင်တက္ကသိုလ်မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်

မော်လမြိုင် ဇန်နဝါရီ ၈

၂၀၂၅-၂၀၂၆ ပညာသင်နှစ် မော်လမြိုင်တက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်ဘက်စုံခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးစွာမော်လမြိုင်တက္ကသိုလ် အနုပညာအသင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက မြကျွန်းညိုညိုတေးသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မော်လမြိုင်တက္ကသိုလ် ၂ဝ၂၅-၂၀၂၆ ပညာသင်နှစ် ပထမနှစ်သင်တန်း တက်ရောက်နေသူ ကျောင်းသား၊ ကျောင်းသူ (၁၀၇၇) ဦး ရှိသည်ကို သိရှိရ၍ မောင်မယ်တို့၏ အောင်မြင်မှုကို ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အနာဂတ်မှာ မွန်ပြည်နယ်အတွက်သာမက နိုင်ငံတော်အတွက်ပါ အားကိုးအားထားပြုရမယ့် ဗလငါးတန်နှင့်ပြည့်စုံသော အရည်အချင်း ပြည့်ဝတဲ့ လူငယ်များပေါ်ထွက်လာရေးအတွက် အတတ်ပညာ၊  အသိပညာ၊ ဗဟုသုတ၊ အတွေးအခေါ်အယူအဆ မှန်ကန်ရေးဟာလည်း လိုအပ်ပါကြောင်း၊“ ပညာတန်ဆောင် ပြည်ကျိုးဆောင်အံ့” ဟူသော မော်လမြိုင်တက္ကသိုလ် ရဲ့ ဆောင်ပုဒ် နဲ့အညီ မောင်တို့မယ်တို့ အားလုံး ပညာတတ်များဖြစ်ကြပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍတွေမှာ တက်ညီလက်ညီဝိုင်းဝန်းပူးပေါင်းပါဝင်နိုင်ရေး ကြိုးစားသွားကြရန်နှင့် တက္ကသိုလ်ဂုဏ်ဆောင်၊ ပြည်နယ်ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ထူးချွန်ထက်မြက် ပညာတတ်လူငယ်များ ဖြစ်အောင် ကြိုးစားသွားကြရန် ကြိုဆိုနှုတ်ခွန်းဆက်အမှာစကားပြောကြားသည်။

ထို့နောက် မော်လမြိုင်တက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာချစ်စိန်မှ ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် မော်လမြိုင် တက္ကသိုလ်၊ လူရည်ချွန်အဖြစ် ရွေးချယ်ခံရသော ဇီဝဓာတုဗေဒအထူးပြု ပထမနှစ် ကျောင်းသူအားလည်းကောင်း၊ (၂၆) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၊ အဆင့်မြင့်ပညာကဏ္ဍ (ဗဟိုအဆင့်) အဆိုပြိုင်ပွဲတွင် ငွေတံဆိပ်ဆု ရရှိခဲ့သော ဓာတုဗေဒဘာသာရပ်အထူးပြုမှ ကျောင်းသားတစ်ဦးနှင့် အရေးပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သော ဓာတုဗေဒဘာသာရပ် အထူးပြုမှ ကျောင်းသူတစ်ဦးတို့အား လည်းကောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်ပေါင်းစုံ (ဇုန်အလိုက်) အမျိုးသား၊အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဒုတိယ ဆုရရှိခဲ့သော မော်လမြိုင်ဇုန် အမျိုးသား ဘောလုံးအသင်းနှင့် တတိယဆုရရှိခဲ့သော မော်လမြိုင်ဇုန် အမျိုးသမီးဘောလုံးအသင်း တို့အား လည်းကောင်း၊၂၀၂၄-၂၀၂၅ ပညာသင်နှစ် အမှတ် (၃) တက္ကသိုလ်လေ့ကျင့်ရေးတပ်၊ စခန်းချသင်တန်းတွင် သေနတ်ပစ်အကောင်းဆုံးဆု(အမှတ်လိုက်) ရရှိခဲ့သော ပထဝီဝင် အထူးပြုမှ ကျောက်းသားတစ်ဦးနှင့် သေနတ်ပစ်အကောင်းဆုံးဆု(ကျည်စု) ရရှိခဲ့သော ရူပဗေဒအထူးပြုမှ ကျောင်းသားတစ်ဦးတို့အားလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။

ယင်းနောက် မော်လမြိုင်တက္ကသိုလ်၊ ပါမောက္ခချုပ်မှ မွန်ဟင်္သာယိမ်းအဖွဲ့နှင်ဖျော်​ဖြေတင်ဆက်ကြသူများအား ဂုဏ်ပြုဆုငွေချီးမြှင့်ခဲ့ပြီး မွန်ဟင်္သာယိမ်းအကဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြကာ‌ ကျောင်းသား၊ ကျောင်းသူလေးများမှတေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပထမနှစ်သင်တန်းသို့တက်ရောက်မည့် မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူလေးများအား ရင်းရင်းနှီးနှီး  လိုက်လံနှုတ်ဆက်ခဲ့သည်။

မွန်ပြည်နယ်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကြီးကြပ်မှု ကော်မတီ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၆) ကို ယနေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) ကို ပြည်နယ်အတွင်း (၅)မြို့နယ်၌ အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း၊ ရွေးကောက်ပွဲအပိုင်း (၁) ကျင်းပပြီးစီးမှုအပေါ် အခြေခံ၍ အားနည်းချက်/ အားသာချက်များအား မြင်တွေ့ခဲ့ရသောကြောင့် အဓိကအနေဖြင့် မဲဆန္ဒရှင် ပြည်သူများ ဆန္ဒမဲပေးနိုင်ရေးသည် အရေးကြီးကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းနံပါတ် အမှတ်စဉ်ကြည့်ရှုသည့်အခါ လွယ်ကူစွာရှာဖွေနိုင်ရေးနှင့် မကျန်ရှိစေရေးအတွက် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ရွေးကောက်ပွဲအပိုင်း (၂) တွင် ရပ်ကွက်/ကျေးရွာ များ၌ မဲဆန္ဒရှင်ပြည်သူများပြားပါက အုပ်ချုပ်မှုအပိုင်းတွင်ရှိသော တာဝန်ရှိသူများက မဲဆန္ဒရှင်ပြည်သူဦးရေအပေါ်မူတည်ပြီး မဲရုံများတိုး၍ ဆောင်ရွက်ပေးပါက အချိန်ကုန် သက်သာပြီး လွယ်ကူအဆင်ပြေနိုင်ကြောင်း၊ ပြည်နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးများအပြင် ဌာနဆိုင်ရာများကို မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ သင်တန်းများ ပို့ချပေးထားသည်များရှိသောကြောင့် အဆင်ပြေကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲလာပေးနိုင်ရေးအတွက် နှိုးဆော်ပေးရန်လိုအပ်ကြောင်း၊ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးသည့်အခါ မှတ်ပုံတင်များကိုပါ တစ်ပါတည်းယူဆောင်နိုင်ရေး၊ သက်ကြီးရွယ်အို များနှင့် မဲဆန္ဒရှင်ပြည်သူများ မဲရုံသို့ရောက်ရှိသည့်အခါ သက်‌‌တောင့်သက်သာစွာ ဆန္ဒမဲ ပေးနိုင်ရေးအတွက် မဲရုံရှိတာဝန်ရှိသူများက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ ထို့အပြင်သက်ကြီးရွယ်အိုများအား ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက်လည်း ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ မဲရုံများတွင် မဲဆန္ဒရှင်ပြည်သူများမဲပေးသည့်အခါ အလင်းရောင်လုံလောက်စွာထားရှိပေးရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းကျော်လင်းမောင်မှ အမှာစကားပြောကြားခဲ့ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ရွေးကောက်ပွဲ ဆိုင်ရာ လုံခြုံရေး‌‌ဆောင်ရွက်ထားရှိမှုနှင့် အီလက်ထရောနစ် မဲပေးစက်များ ဆောင်ရွက် ထားရှိမှုအခြေအနေတို့နှင့်ပတ်သက်၍ ရှင်းလင်း‌တင်ပြခဲ့သည်။

ဆက်လက်၍ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးက ရွေးကောက်ပွဲ ဆိုင်ရာ ဆောင်ရွက်‌နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး သက်ဆိုင်ရာ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများမှ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြကာ တက်ရောက်လာသူများက အကြုံပြုဖြည့်စွက် ဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မဲရုံများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် မဲရုံလုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို မုဒုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း၊ မြို့မ(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌လည်းကောင်း မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မဲစာရင်းကပ်ထားမှု၊ မဲပေးစက်များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် လုံခြုံရေးဆောင်ရွက် ထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ မဲရုံတာဝန်ရှိသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် မဲပေးနိုင်ရေးကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က တာဝန်ရှိသူများအား လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်ကြမည့် ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ မဲရုံတာဝန် ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများ ကြိုတင်မဲထည့်​ပေးနေမှုကို ကြည့်ရှုအား​ပေး၍ စား​သောက်ဖွယ်ရာများ လိုက်လံဝေဌပေးခဲ့​ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)