ပခုက္ကူမြို့၊ သီဟိုဠ်ရှင်မြတ်စွာဘုရား စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှုပူဇော်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်

ပခုက္ကူ ဇန်နဝါရီ ၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို၌ ပုဂံပြည့်ရှင်အလောင်းစည်သူမင်းကြီးကိုယ်တိုင် တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းသမိုင်းဝင်သီဟိုဠ်ရှင် မြတ်စွာဘုရားစေတီတော်ကြီး လုံးတော်ပြည့် ရွေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ကြသည်။

ရှေးဦးစွာ ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်များနှင့် ဧည့်သည်တော်များက “နမောတဿ” သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍အခမ်းအနားဖွင့်လှစ်ကြပြီး ပခုက္ကူမြို့ရှိ နိုင်ငံတော်ဩဝါဒစရိယ ဆရာတော်၊ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဝင်ဆရာတော်၊ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင်ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်ကြီးများ အမှူးပြုသော ပင့်သံဃာတော်(၁၅)ပါးတို့က သီဟိုဠ်ရှင်မြတ်စွာဘုရားစေတီတော်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်း ကပ်လှူပူဇော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အန္တရာယ်ကင်းရှင်းစေရေး ဝေနေယျသတ္တဝါအပေါင်းတို့အား မေတ္တာပို့သခြင်း၊ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ကြွရောက်တော်မူလာကြသောဆရာတော် သံဃာတော်များနှင့် ဧည့်သည်တော်များက စုပေါင်းအမျှပေးဝေခြင်းများ ဆောင်ရွက်ကြသည်။

ထို့နောက် ဆရာတော်ကြီးများဦးဆောင်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်သာသနာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျင်ရွှေနှင့်ဝန်ထမ်းများ၊ သီဟိုဠ်ရှင်မြတ်စွာဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးလှဖုန်းနှင့် ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်ပြည်သူများစုပေါင်း၍ စေတီတော်ကြီးအား နတ်ပန်းရထားဖြင့် လုံးတော်ပြည့်ရွှေသင်္ကန်းကပ် လှူပူဇော်ခြင်းလုပ်ငန်း ဆောင်ရွက်ကြသည်။

“ သီဟိုဠ်ရှင်မြတ်စွာဘုရားစေတီတော်ကြီးအား ရွှေသင်္ကန်းကပ်လှူနိုင်ရေးအတွက် ငြမ်းလုပ်ငန်း၊ ပြဒါးခံသစ်ဆေးသုတ် လုပ်ငန်းနှင့်ရွှေဆိုင်းချခြင်း၊ ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်းစသည်ဖြင့် အပိုင်း(၃)ပိုင်းခွဲ၍ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ၁၈ရက်မှ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းများ အရည်အသွေးပြည့်မီစွာဆောင်ရွက်ပြီးစီးရေး လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ စေတနာရှင်ပြည်သူများအနေဖြင့် နေ့စဉ်နံနက် ၈ နာရီမှ နေ့လယ် ၁၂ နာရီအထိ လူကိုယ်တိုင်ရွှေစင်ရွှေပြားကို နတ်ပန်းရထားဖြင့် လှူဒါန်းပူဇော်နိုင်ကြောင်း၊ လက်ရှိအချိန်ထိ ၇၅ ရာခိုင်နှုန်းအထိ လုပ်ငန်းများဆောင်ရွက်ပြီးစီးနေပြီဖြစ်သလို ဒေသခံများနှင့်အနယ်နယ်အရပ်ရပ်မှ စေတနာရှင်ပြည်သူများ၏ လှူဒါန်းမှုစုစုပေါင်းငွေကျပ်သိန်း ၁၂၀၀ ကျော်ကို လည်းလက်ခံရရှိထားပြီးဖြစ်ကြောင်း၊ အရံစေတီ ၃၆ ဆူမှ ၃၂ ဆူအတွက် အလှူခံရရှိထားပြီး အရံစေတီ ၄ ဆူကျန်ရှိသေးကြောင်း၊ ဘုရားကြီးသို့ ကိုယ်တိုင်လာရောက်လှူဒါန်းနိုင်သလို နယ်ဝေးမှပြည်သူများအနေဖြင့် အလွယ်တကူလှူဒါန်းပါဝင်နိုင်ရေး THIHO SHIN PAGODA (၀၉-၇၇၇၈၅၃၅၃၆) အမည်ဖြင့်  ဖွင့်လှစ်ထားသော  AYA PAY  Account QR Code ကို သီဟိုဠ်ရှင်ဂေါပကအဖွဲ့ Facebook Page မှတစ်ဆင့် အသိပေးနှိုးဆော်ထားကြောင်း" ဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဋ္ဌ ဦးလှဖုန်းထံက သိရသည်။

ဘာမီသာ(ပခုက္ကူ)