ကျုံပျော် ဇန်နဝါရီ ၇
ပညာရေးကဏ္ဍမြင့်မားတိုးတက်စေရန်၊ ဘက်စုံထူးချွန် ကျောင်းသား၊ ကျောင်းသူများ ပိုမိုပေါ်ထွန်းလာစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ကျုံပျော်မြို့ အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း အောင်ဆန်းခန်းမ၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အ.ထ.က(၁) ကျုံပျော် ကျောင်းသား၊ ကျောင်းသူလေးများက မြတ်ပညာသီချင်းသီဆို၍ အခမ်းအနား ဖွင့်လှစ်သည်။ ထို့နောက် ကျုံပျော်ခရိုင် ပညာရေးမှူး ဦးချစ်သိန်းက စုံညီပွဲတော်ကျင်းပရခြင်းနှင့်ပတ်သက်၍၎င်း၊ မိဘ၊ ဆရာ၊ ကျောင်းသား ပူးပေါင်း၍ဗလငါးတန်ဖွံ့ဖြိုးသည့် ပညာတတ်လူငယ်များဖြစ်လာရေး ဝိုင်းဝန်း ကြိုးစားကြရန်ဖြစ်ကြောင်း၊ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌ ဦးသန်းထွန်းက စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ပြည့်ဝသည့် ကျောင်းသား၊ ကျောင်းသူများဖြစ်ရန်နှင့်တိုင်းပြည်အနာဂတ်အတွက် အားထားရသည့် သားသမီး ရတနာများဖြစ်အောင် ကြိုးစားကြရန်တို့ကို အမှာစကားပြောကြားသည်။
ဆက်လက်၍ ကာယ၊ ဉာဏ ထူးခွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်ခြင်း၊ သင်ကြားထူးချွန် ဆရာ၊ ဆရာမများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ကျောင်းအတွက် ပံ့ပိုးကူညီသူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အဆိုပါစုံညီပွဲတော်တွင် ကျောင်းသား၊ ကျောင်းသူဖျော်ဖြေရေးအဖွဲ့များက တေးသီချင်းအကများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ကြပြီး၊ “ဘက်စုံပညာရည် တို့လှမ်းချီ” သီချင်းသီဆို၍ အခမ်းအနားအောင်မြင်စွာ ကျင်းပခဲ့ကြောင်း၊ အခမ်းအနားသို့ ခရိုင်ပညာရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများစုံညီစွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)