မကွေး ဇန်နဝါရီ ၇
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြပွဲ၊ ပြိုင်ပွဲဆုချီးမြှင့်ခြင်းအခမ်းအနားကို မကွေးမြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၄ ရက်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး၀န်ကြီးချုပ် ဦးတင့်လွင်၊ မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၀င်၀န်ကြီးများနှင့် ဇနီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာ၀န်ရှိသူများ တက်ရောက်ကြသည်။
ထို့နောက် မကွေးတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်က မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းကြီး၏ ရှေ့လုပ်ငန်းစဉ်များဖြစ်တဲ့ မိသားစုစီမံကိန်းများနှင့်ပတ်သက်၍ ပညာပေးရန်နှင့် ကျယ်ပြန့်စွာ ဝန်ဆောင်မှုပေးရန်၊ မိခင်များအား အာဟာရပညာပေးရန်၊ ကာကွယ်ဆေးထိုးရမည့်ကလေးငယ်များ ရှာဖွေစုဆောင်းရန်၊ အမျိုးသမီးများ၏ ဘဝအခြေအနေတိုးတက်မြင့်မားလာစေရန်၊ အသက်မွေးဝမ်းကြောင်းပညာများဖြစ်သော စက်ချုပ်၊ ဇာထိုး၊ ပန်းထိုး၊ မိတ်ကပ်ပြင်စသော သင်တန်းများကို အခါအားလျော်စွာ ပြုလုပ်ပေးလျက်ရှိပါကြောင်း၊ ဒီနေ့ကျင်းပတဲ့အခမ်းအနားတွင် ကလေးပြပွဲ/ပြိုင်ပွဲကျင်းပခြင်းဖြင့် နိုင်ငံတော်အစိုးရက အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ မိခင်များ၊ မွေးကင်းစနှင့် (၁)နှစ်အောက်၊ (၅)နှစ်အောက်ကလေးများ ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုများကို လျှော့ချနိုင်ရေးဆိုတဲ့ ရည်မှန်းချက်ကို မြန်မာနိုင်ငံမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအနေနှင့် တစ်စိတ်တစ်ဒေသ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲများကို နှစ်စဉ်ကျင်းပပြုလုပ်ပေးတဲ့အတွက် မိခင်များအနေဖြင့် ကလေးများကို လအပိုင်းအခြားအလိုက် ထိုးနှံတိုက်ကျွေးရမည့် ကာကွယ်ဆေးများအကြောင်း၊ အသက်အပိုင်းအခြားအလိုက် ရှိရမဲ့ကိုယ်အလေးချိန်၊ အရပ်အမြင့်စတဲ့သတ်မှတ်ချက်များကို သိရှိလာသလို မိခင်နို့စနစ်တကျတိုက်ကျွေးခြင်း၏ ရလာဒ်များကိုလည်း သိရှိလာသဖြင့် များစွာအကျိုးရှိပါကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကြည်သာဆွေမှ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြပွဲ၊ ပြိုင်ပွဲတွင် အမှတ်ပေးစည်းမျဉ်းများအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မိခင်မေတ္တာမူလတန်းကြိုကျောင်းမှ သားငယ်၊ သမီးငယ်လေးများမှ မြန်မာမလေးသီချင်း၊ နှောင်အင်းလေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဝင်းဝင်းမြင့်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပသောကလေးပြပွဲ၊ ပြိုင်ပွဲများတွင် စံပြမိခင်၊ ကလေးများကို မွေးစမှ(၆)လအထိ၊ ၆ လမှ ၁၂ လအထိ၊ ၁၂ လမှ(၁၈)လအထိ၊ ၁၈ လမှ(၂၄)လအထိ၊ မွေးစမှ ၁၂လအမွှာ၊ မွေးစမှ ၂၄ လအမွှာ၊ စံပြမိခင်ဆုရရှိကြသည် ကလေးများ နှင့်မိခင်တို့အား ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထဆု စုစုပေါင်း(၂၈)ဆုချီးမြှင့်ခြင်းနှင့် ပါဝင်ယှဉ်ပြိုင်ကြသည့် ကလေး၊ မိခင်များအား အာဟာရပစ္စည်းများ လက်ဆောင်ပေးအပ်ခြင်းနှင့် ပြိုင်ပွဲဝင်ကလေးများအား ကျန်းမာရေးအကဲဖြတ်စစ်ဆေးပေးသော ဆရာဝန်များအား လက်ဆောင်ပစ္စည်းများနှင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် သားငယ်၊ သမီးငယ်လေးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)