ဂန့်ဂေါမြို့တွင် မဲရုံပတ်ဝန်းကျင်ရှိ လူနေအိမ်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းနှင့် မီးသတိမူရေးလှည့်လည်ဆော်ဩ

ဂန့်ဂေါ ဇန်နဝါရီ ၇

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအပိုင်း(၂)အတွက် မဲရုံဖွင့်လှစ်မည့် ကျောတိုက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (ကျောတိုက်) ကျောင်းအနီးပတ်ဝန်းကျင်ရှိ နေအိမ်များအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတိမူရေး လှည့်လည်ဆော်ဩခြင်းများကို ဇန်နဝါရီ ၅ ရက်နေ့ ညနေပိုင်းက ဂန့်ဂေါခရိုင် မီးသတ်ဦးစီးမှူး ဦးသန်းထက်အောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇော်ရဲနိုင်ဦးဆောင်သည့် တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မဲရုံဖွင့်လှစ်မည့် ကျောင်းပတ်ဝန်းကျင်ရှိ လူနေအိမ်များတွင် ပေါ့ဆမှုကြောင့် မီးလန့်မှု၊ မီးလောင်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးတို့အတွက် တစ်အိမ်တက်ဆင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အသိပညာပေးရှင်းလင်းပြောကြားကာ မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ထားရှိကြရန်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ရေးပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ မီးသတ်လှေကားနှင့် မီးသတ်ဆေးဗူးများ တပ်ဆင်ထားရှိကြရန်၊ မိဘပြည်သူများအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ပူးပေါင်းလိုက်နာဆောင်ရွက်ကြရန်နှင့် မီးသတိမူရေး မီးဘေးအသိသတိများရှိစေရန် မြို့ပေါ်(၄)ရပ်ကွက်သို့ အသံချဲ့စက်ဖြင့် လှည့်လည်၍ အသိပညာပေးနှိုးဆော်ခဲ့ကြသည်။

ဂန့်ဂေါမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် အများပြည်သူများ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းများကို မြို့ပေါ်ရပ်ကွက်များသို့ နေ့စဉ်လှည့်လည်ဆော်ဩခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်မျိုးမင်း