မင်းဘူးမြို့၌ ဌာနဆိုင်ရာရုံးအဆောက်အဦများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မင်းဘူး ဇန်နဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ပွင့်လင်းရာသီ ဌာနဆိုင်ရာရုံး၊ အဆောက်အဦနှင့် ဝန်ထမ်းလိုင်းခန်းများ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနက အသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက မင်းဘူးခရိုင် လမ်းဦးစီးဌာနရုံးသို့ သွားရောက်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မင်းဘူးခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်း၏ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကိုကိုဝေဟိန်းဦးဆောင်၍ ခရိုင်နှင့်မြို့နယ်မီးသတ်ဦးစီးဌာနမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက မင်းဘူးခရိုင်လမ်းဦးစီးဌာနရုံး၌ ပွင့်လင်းရာသီ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး အသိပညာပေးဆောင်ရွက်ခြင်း၊ ဌာနဆိုင်ရာရုံး၊ အဆောက်အဦနှင့် လူနေအိမ်ဝန်ထမ်းလိုင်းခန်းများအတွင်း မီးဘေးလုံခြုံရေးစစ်ဆေးခြင်း၊ ရုံးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကတ်၊ သဲပုံနှင့် ရေပုံးများ အရန်သင့် ချိတ်ဆွဲထားရှိရေး၊ လျှပ်စစ်မီးလိုင်း၊ မီးကြိုးနှင့် မီးခလုပ်များအား စနစ်တကျ သွယ်တန်းတပ်ဆင်ထားရှိရေး စစ်ဆေးခြင်းများဆောင်ရွက်ပြီး ဝန်ထမ်းများအနေဖြင့် ရုံးတက်၊ ရုံးဆင်းချိန်၌ လျှပ်စစ်မီးများကို သတိပြုသုံးဆွဲရေး အကြုံပြုဆွေးနွေး မှာကြားဆောင်ရွက်သည်။

ဆက်လက်ပြီး အဆိုပါရုံးရှိ ဝန်ထမ်းများအနေဖြင့် မီးငြှိမ်းသတ်ရေးပစ္စည်းကိရိယာများကို စနစ်တကျ ကိုင်တွယ်အသုံးပြုတတ်စေရန်နှင့် မိမိတို့နေထိုင်ရာ ရုံးအနီးပတ်ဝန်းကျင်တွင် မီးဘေးအန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့သည့်အခါ အရေးပေါ် ရှေးဦးမီးငြှိမ်းသတ်ခြင်းလုပ်ငန်းများကို လျင်မြန်စွာ တုန့်ပြန်ဆောင်ရွက်နိုင်စေရန်အတွက် မီးသတ်ဆေးဘူးအား ကိုင်တွယ်အသုံးပြု၍ ငြှိမ်းသတ်ခြင်း၊ ရေစိုအဝတ်ဖြင့် မီးငြှိမ်းသတ်ခြင်း စသည့် လက်တွေ့သရုပ်ပြခြင်း အစီအစဉ်များကို မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ ရုံးဝန်ထမ်းများက ပူပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)