မကွေး ဇန်နဝါရီ ၆
မကွေးတိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန သင်ကြားရေးစင်တာတွင် ပို့ချမည့် ကျန်းမာရေးမှူး- ၃ (ပြည်သူ့ကျန်းမာရေးကြီးကြပ် - ၁)Off-campus (၃)လ (ဒုတိယအသုတ်)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဆေးတက္ကသိုလ်(မကွေး)နှင့် အခြေခံကျန်းမာရေးတက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သင်ကြားရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးမှူး-၃(ပြည်သူ့ကျန်းမာရေးကြီးကြပ်-၁) သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က မြန်မာနိုင်ငံမှာ (၁၉၇၅) ခုနှစ်ကစလို့ (၂၀၂၃) ခုနှစ်အထိ ကျန်းမာရေးမှူး-၃ (ပြည်သူ့ကျန်းမာရေး ကြီးကြပ်-၁) စုစုပေါင်း(၃၀၈၃)ဦး မွေးထုတ်ခဲ့ပြီးဖြစ်ကြောင်းသိရပြီး ၂၀၂၀-ခုနှစ်မှာ ဖွင့်လှစ်သည့် (၄၃) ကြိမ်မြောက် ပြည်သူ့ကျန်းမာရေးကြီးကြပ် - ၁ သင်တန်းပြီးသည့်နောက်ပိုင်းမှာ အလားတူသင်တန်းမျိုး ဖွင့်လှစ်နိုင်ခြင်းမရှိခဲ့ဘဲ ၂၀၂၅ ခုနှစ်မှသာ (၄၄) ကြိမ်မြောက် သင်တန်းကို ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ ကျေးလက်ဒေသမှာ နေထိုင်ကြသည့် ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကို အနီးကပ်ဆောင်ရွက်ပေးနေသည့် အခြေခံကျန်းမာရေးဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးလှပါကြောင်း၊ ပြည်သူ့ကျန်းမာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် ကြိုးပမ်းဆောင်ရွက်သည့်နေရာတွင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကျေးလက်ကျန်းမာရေးဌာနတွေ၊ ကျေးလက်ကျန်းမာရေးဌာနခွဲတွေကို တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိပြီး ဝေးလံခက်ခဲသည့် ဒေသများပါမကျန် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အခြေခံကျန်းမာရေးဝန်ထမ်းတွေကို စဉ်ဆက်မပြတ် မွေးထုတ်ပေးလျက်ရှိကြောင်း၊ ယခုသင်တန်းတွင် လုပ်ငန်းခွင်မှာ လက်ရှိတာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးမှူး - ၄ (ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂)တွေကို ရေးဖြေ/ နှုတ်ဖြေ စသည့် အရည်အချင်းစစ်စာမေးပွဲတွေ စစ်ဆေးပြီး အောင်မြင်သောသူများကို တက်ရောက်ခွင့်ပြုသည့် သင်တန်းဖြစ်ကာ ကျန်းမာရေးမှူး-၄ မှ ကျန်းမာရေးမှူး-၃ ဖြစ်၍ ရာထူးတိုးသင်တန်းဟူ၍ ဆိုရမှာဖြစ်ပြီး "ရာထူးတစ်ဆင့်တိုးတော့မယ်" ဆို ဂုဏ်ယူစရာဖြစ်ပါကြောင်း၊ (၄၄)ကြိမ်မြောက် ဖွင့်လှစ်သည့် သင်တန်းကို ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ကြီး) စသည့် တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန (၅)ခုမှာ Off-campus (၃)လ၊ ထို့နောက် အခြေခံကျန်းမာရေးတက္ကသိုလ်-မကွေးမှာ On-campus (၆)လနှင့် စုစုပေါင်းသင်တန်းကာလ (၉)လ တက်ရောက်သင်ကြားရမှာဖြစ်ကြောင်း၊ ထိုကဲ့သို့ Off-campus (၃)လ သင်ကြားပေးနိုင်ရန်ဖော်ပြခဲ့သည့် တိုင်းဒေသကြီး/ ပြည်နယ် (၅) ခုမှာရှိသည့် သင်ကြားရေးဌာန၊ Training sites (၅)ခုက ဆရာ/ ဆရာမများကို ၂၀၂၅ ခုနှစ် ဇွန်လအတွင်းက အခြေခံကျန်းမာရေး တက္ကသိုလ်-မကွေးမှာ မွမ်းမံသင်တန်းပေးထားခဲ့ပြီးဖြစ်ကြောင်း၊ ယခုဖွင့်လှစ်မည့် Off-campus သင်တန်းသည် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန သင်ကြားရေးစင်တာမှာ(ဒုတိယအသုတ်)အဖြစ် ဖွင့်လှစ်သည့် သင်တန်းဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန သင်ကြားရေးစင်တာကို တိုင်းဒေသကြီးအတွင်းက သင်တန်းသား/သင်တန်းသူတွေသာမက စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်က သင်တန်းသား/သင်တန်းသူများအပါအဝင် စာရင်းဝင် သင်တန်းသား စုစုပေါင်း (၅၄)ဦး တက်ရောက်မှာဖြစ်ပြီး သင်တန်းကာလမှာ (၃၁-၃-၂၀၂၆) ရက်နေ့အထိဖြစ်ကြောင်း၊ သင်တန်းသားများသည် လုပ်ငန်းခွင်က ဝန်ထမ်းတွေဖြစ်ရန် နိုင်ငံ့ဝန်ထမ်းတစ်ဦး လိုက်နာရမည့် ကျင့်ဝတ်တွေကို လိုက်နာကြရမှာဖြစ်ပါကြောင်းနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် စစ်ကိုင်းတိုင်းဒေသကြီးက သင်တန်းသားတွေလည်းပါလာ၍ သင်တန်းကာလအတွင်း အချင်းချင်း အပြန်အလှန် စောင့်ရှောက်ကူညီပြီး မိမိတို့၏ ရည်ရွယ်ချက်ကို အောင်မြင်အောင် ကြိုးစားအကောင်အထည်ဖော်ကြရန်နှင့် မိမိတာဝန်ကျရာ နေရာဒေသမှာ မှီတင်းနေထိုင်ကြသည့် ပြည်သူများ အားကိုးရသည့် အခြေခံကျန်းမာရေး ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားကြရန် မှာကြားလိုကြောင်းဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအတွင်းမှ တက်ရောက်ကြမည့် သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသူ ဒေါ်ယုဇင်ဝင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှ တက်ရောက်ကြမည့် သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသူ ဒေါ်ချယ်ရီထွန်းနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ တက်ရောက်ကြမည့် သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသူ ဒေါ်ခင်စန္ဒာမြင့်တို့က ကျေးဇူးတင်စကားများ အသီးသီး ပြောကြားခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)