မကွေး ဇန်နဝါရီ ၅
၂၀၂၅ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၁) နာရီအချိန်က မကွေးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တက္ကသိုလ်အသီးသီးရှိ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဂုဏ်ထူးဆောင်ဆုရရှိသည့် ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို အခြေခံပညာကျောင်းသားကျောင်းသူလေးများမှ “ထာဝရသစ္စာ” တေးသီချင်းဖြင့် ကပြသီဆိုဖွင့်လှစ်ခဲ့ပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီး၏ ဂုဏ်ထူးဆောင်လက်မှတ် များနှင့်ဂုဏ်ထူးဆောင်ပစ္စည်းများ ချီးမြှင့်ခြင်းကို နှစ်စဉ်ကျင်းပလျက်ရှိရာ ယခုနှစ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ချီးမြှင့်ခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနား ကျင်းပပြီး ချီးမြှင့်ခွင့်ရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါကြောင်း၊ နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်အဖြစ် ဘက်စုံထောင့်စုံမှ တည်ဆောက်နေတဲ့နေရာမှာ နိုင်ငံတော်လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းတာဝန်တွေမှာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေကို ဂုဏ်ပြုချီးမြှင့်ရခြင်းသည် ကောင်းမွန်တဲ့ အစဉ်အလာကောင်းတစ်ရပ် ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် မိမိရဲ့အသက်ခန္ဓာကို ပဓာန မထားဘဲ ကြံ့ခိုင်တဲ့ စိတ်ဓာတ်၊ ဂုဏ်ပြုထိုက်တဲ့ စွမ်းရည်၊ ဂုဏ်ယူထိုက်တဲ့ စွန့်စားခြင်းမျိုးတွေနဲ့ ထူးထူးချွန်ချွန်ဆောင်ရွက်ခဲ့ကြတဲ့အတွက် ဂုဏ်ပြုသင့်၊ ဂုဏ်ပြုထိုက်သူတွေကို ဂုဏ်ထူးဆောင်လက်မှတ်နဲ့ ဂုဏ်ထူးဆောင်ဆုပစ္စည်းများကို ချီးမြှင့်အပ်နှင်းရခြင်းဖြစ်ကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းမှာ စီမံခန့်ခွဲရေးကဏ္ဍ၊ လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေးကဏ္ဍများမှာ ကြိုးပမ်းဆောင်ရွက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ၊ စီးပွားရေး၊ စက်မှုလက်မှုနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာမှာ ထူးချွန်ခဲ့တဲ့ ပုဂ္ဂိုလ်တွေ၊ နိုင်ငံ့တာဝန်ကို ထူးချွန်စွာ ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းတွေ၊ လူမှုရေး၊ အားကစား၊ စိုက်ပျိုးရေးနဲ့ ယဉ်ကျေးမှုအနုပညာဆိုင်ရာမှာ ထူးချွန်စွာ ဆောင်ရွက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်များအားလုံးကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဂုဏ်ထူးဆောင် လက်မှတ်နှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းသွားမှာဖြစ်ပါကြောင်း၊ ယခုလိုချီးမြှင့်ပေးအပ်တဲ့ ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများကို မိမိတို့ရဲ့လုပ်ငန်းတာဝန်များ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြတာ ဖြစ်တဲ့အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က မှတ်ကျောက်တင်ခြင်းခံခဲ့ရတဲ့ သင်္ကေတ အမှတ်အသားတစ်ခု ဖြစ်ပြီး မိမိတို့ဘဝအတွက် ဂုဏ်ယူစရာ တစ်ခုလည်းဖြစ်တဲ့အတွက် နိုင်ငံတော်တိုးတက်ရေးကို တတ်စွမ်းသရွေ့ ကြိုးစားထမ်းဆောင်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း၊ ဂုဏ်ပြုချီးမြှင့်ထိုက်သူတွေကို ဂုဏ်ပြုချီးမြှင့်ခြင်းသည် မင်္ဂလာတရားတော်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်တဲ့အတွက် မကွေးတိုင်းဒေသကြီးအတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ဘက်ပေါင်းစုံက အရှိန်အဟုန်မပျက် ဆက်လက်ပြီး ဆထက်ထမ်းပိုးကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က စီမံခန့်ခွဲရေးဆိုင်ရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု ရရှိသူများအား ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင် ပစ္စည်းများအား ချီးမြှင့်ပေးအပ်ကာ၊ နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတို့က ၂၀၂၅ ခုနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သည့် စီမံခန့်ခွဲရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု၊ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဂုဏ်ထူးဆောင်ဆု၊ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ ဂုဏ်ထူးဆောင်ဆု၊ အားကစားဆိုင်ရာ ဂုဏ်ထူးဆောင်ဆု၊ သုတေသနလုပ်ငန်းဆိူင်ရာထူးချွန်ဆု၊ ပညာရေးဆိုင်ရာ ထူးချွန်ဆု၊ လူမှုရေးဆိုင်ရာထူးချွန်ဆုနှင့် စိုက်ပျိုးရေးဆိုင်ရာထူးချွန်ဆုရ ချီးမြှင့်ခံရသူများအား ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ပစ္စည်းများအား အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် Magway Violin အဖွဲ့မှ ဗိုလ်ရှု့သဘင်၊ ရွှေမြန်မာနှင့် ထာဝရအဓိဌာန် တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ခဲ့ပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က တေးသီးချင်းများ ဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြသူများအား ဂုဏ်ပြုဆုငွေ(၆)သိန်းကျပ် ချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါ ၂၀၂၅ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဂုဏ်ထူးဆောင်လက်မှတ်များနှင့် ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားတွင် စီမံခန့်ခွဲရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု (၃၁) ဆု၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု (၄၉) ဆု၊ နိုင်ငံ့ဝန်ထမ်းဆိုင်ရာ ဂုဏ်ထူးဆောင်ဆု (၇၄) ဆု၊ လူမှုရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု (၁) ဆု၊ ပညာရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု (၁) ဆု၊ ကစားဆိုင်ရာဂုဏ်ထူးဆောင်ဆု (၇) ဆု၊ သုတေသနဆိုင်ရာ ဂုဏ်ထူးဆောင်ဆု (၁) ဆု၊ ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ ဂုဏ်ထူးဆောင်ဆု (၄) ဆုနှင့် စိုက်ပျိုးရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဆု (၂) ဆု စုစုပေါင်း ဂုဏ်ထူးဆောင်ဆု (၁၇၀) ဆုအား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်ဆက်)