ငဖဲ ဇန်နဝါရီ ၅
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်တွင် ၂၀၂၅ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဒုတိယပိုင်းကျင်းပပြုလုပ်မည့် မြို့နယ်များအနေဖြင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မင်းဘူးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ နှင့် တာဝန်ရှိသူများက ရွေးကောက်ပွဲ ဆိုင်ရာအတွေ့အကြုံများရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မင်းဘူးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ခရိုင်ရွေးကောက်ပွဲအရာရှိ ဒေါ်ချောစုရည်မှ ရွေးကောက်ပွဲဆိုင်ရာအတွေ့အကြုံများ ရှင်းလင်းဆွေးနွေးပွဲဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး မင်းဘူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်ဝင်း က မင်းဘူးမြို့နယ်တွင်ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲဆိုင်ရာအတွေ့အကြုံများ၊ မင်းဘူးမြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ထက်ထက်ဇော်က မင်းဘူးမြို့နယ်၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊နည်းဥပဒေများ၊ လုပ်ငန်းအတွေ့အကြုံများနှင့် အားသာချက်၊အားနည်းချက်များ ၊ မင်းဘူးမြို့နယ်မှ မဲရုံမှူးဆရာ/ဆရာမများက မဲရုံဆိုင်ရာလုပ်ငန်းအတွေ့အကြုံများနှင့် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်ရှောင်ရန်အချက်များကို အသိပညာပေးဆွေးနွေးပြောကြားသည်။
ထို့နောက်တက်ရောက်လာကြသော မဲရုံမှူးဆရာ/ဆရာမများနှင့် မဲရုံတာဝန်ထမ်းဆောင်ကြမည့် ဌာနဆိုင်ရာဝန်ထမ်းများမှ ရွေးကောက်ပွဲဆိုင်ရာ သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)