ငဖဲ ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပဒါန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဇေယျခေတ္တရာခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ငဖဲမြို့နယ် ပဒါန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက စုံညီပွဲတော်တို့နွှဲပျော်သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ငဖဲမြို့နယ် ပဒါန်းတပ်နယ်မှူး ဗိုလ်မှူးချုပ်နိုင်ဝင်းက ကျောင်းသား ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ အသိပညာဗဟုသုတတိုးပွားရေးနှင့် ပညာရည်တိုး တက်မြင့်မားရေးအတွက် ဆရာ၊ မိဘ၊ ကျောင်းသားကျောင်းသူအားလုံး ဝိုင်းဝန်းပူးပေါင်း ကြိုးစားဆောင်ရွက်ကြရန် အမှာစကားပြောကြား၍ ပဒါန်း အ.ထ.ကမှ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာမိုင်မျိုးမျိုးဆန်းက ကျောင်းသား ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရည်တိုးတက်မြင့်မားရေးအတွက် ဆရာ၊ ဆရာမများ၏ သင်ကြားပေးမှုနှင့် ကျောင်းသားကျောင်းသူများ၏ ကြိုးစားအားထုတ်မှု၊ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ကျောင်းဖွံ့ဖြိုးရေးလုပ်ငန်းများတွင် မိဘများနှင့် ကျောင်းကော်မတီဝင်အားလုံး ဝိုင်းဝန်းပူးပေါင်းပံ့ပိုးပေးမှု အခြေအနေများ၊ ကာယ၊ဉာဏစွမ်းရည်ဆုများ၊ အခြားဆုများ ပေးအပ်ချီးမြှင့်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့်ဖြေဆို အောင်မြင်သည့် ကျောင်းသားကျောင်းသူများ၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သည့် ဆရာ၊ ဆရာများနှင့် ကာယ၊ ဉာဏ စွမ်းရည်ဆုရရှိသူ စုစုပေါင်း ၃၂၅ ဦးတို့ကို ပဒါန်းတပ်နယ်မှူး ဗိုလ်မှူးချုပ်နိုင်ဝင်းနှင့် ဗိုလ်မှူးများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာမိုင်မျိုးမျိုးဆန်းနှင့် ဆရာ၊ဆရာမများ၊ ကျောင်းကော်မတီဝင်များက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းနှင့် ပညာရေးစုံညီပွဲတော်တွင် ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများနှင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)