ဆိပ်ဖြူ ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုရ ကျောင်းသား/ကျောင်းသူများနှင့် သင်ကြားပြသမှု အကောင်းဆုံး ဆရာ/ဆရာမ များအားဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၈ နာရီက ဆိပ်ဖြူ(အ.ထ.က)ကျောင်း နဝရတ်ခန်းမတွင်ပြုလုပ်သည်။
အဆိုပါ အခမ်းနားကို ကျောင်းသား/ကျောင်းသူလေးများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖွင့်လှစ်ပေးပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးနိုင်မင်းထွန်းက အမှာစကားပြောကြားပေးသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်နှင်းယုက ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းရည်ရွယ်ချက်များ၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးနှင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူလေးများ သင်ကြားသင်ယူမှုတတ်မြောက်အောင်မြင်ရေး ဆောင်ရွက်ချက်များ၊ ဘက်စုံပညာထူးချွန် ထက်မြက်စေရေး မြို့နယ်အဆင့်ပြိုင်ပွဲများ ကျင်းပဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပေးသည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများ၊ သင်ကြားပြသမှု အကောင်းဆုံး ဆရာ/ဆရာမများအားဆု ချီးမြှင့်ခြင်းနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရည်ချွန်ဆု၊ အားကစားထူးချွန်ဆုများ ပေးအပ်ပွဲကျင်းပရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ အောင်ချက်မြှင့်မားရေးနှင့် ဂုဏ်ထူးရကျောင်းသား/ကျောင်သူများ၊ သင်ကြားပြသပေးသည့် ဆရာ/ဆရာမများအတွက် ထောက်ပံ့ဂုဏ်ပြုငွေ (၃၅) သိန်းကျပ်အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက မြို့နယ်ပညာရေးမှူး ထံသို့ ပေးအပ်ခဲ့သည်။
၎င်းနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးရကျောင်းသား/ကျောင်းသူများ၊ သင်ကြားပြသမှု အကောင်းဆုံး ဆရာ/ဆရာမများ၊ မြို့နယ်အဆင့် ပညာရည်ချွန်ဆု၊ အားကစားထူးချွန်ဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ ကျောင်းသား/ကျောင်းသူလေးများက တေးသရုပ်ဖော်အကတို့ဖြင့် သီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။
စိုးလင်းနိုင်(IPRD)