ကံမမြို့ အခြေခံပညာအထက်တန်းကျောင်း(ကံမ)၌ ပညာရေးစုံညီပွဲတော်ကျင်းပ

ကံမ ဇန်နဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ အမှတ်(၄)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ကံမ)၏ မြဝတီခန်းမ၌ ယနေ့နံနက် (၉) နာရီက ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကိုကျင်းပပြုလုပ်ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဦးမြင့်ရွှေနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ခံအရာရှိများ၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာဆရာမများ၊ ကျောင်းအကျိုးဆောင်များ၊ မိဘဆရာအသင်း အဖွဲ့ဝင်များ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါပညာရေးစုံညီပွဲတော်အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဦးမြင့်ရွှေက အဖွင့်အမှာစကားပြောကြားပြီးနောက် မြို့နယ်ပညာရေးမှူး ဦးတင်မြင့်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်နွယ်တို့က ပညာရေးစုံညီပွဲ ကျင်းပရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။ ထို့နောက်စာပေ၊ အားကစားနှင့်အနုပညာတို့၌ ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူအသီးသီးက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)