မြို့သစ် ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အခြေခံပညာအလယ်တန်းအဆင့် ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲကို ဇန်နဝါရီ ၁ ရက် မွန်းလွဲပိုင်းက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲမစတင်မီ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့ဝင်ဆရာ ဦးတင်မောင်ဝင်းက အကဲဖြတ်အမှတ်ပေးမည့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲများကျင်းပရာ ဗိုလ်ချုပ်မိန့်ခွန်းပြောပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၂)ဦးက မိမိတို့နှစ်သက်ရာ ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းများဖြင့်လည်းကောင်း၊ ပုံပြင်ပြောပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၁၃)ဦးက နှစ်သက်ရာအသိပညာပေးပုံပြင်များဖြင့်လည်းကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဇန်နဝါရီ ၄ ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်း၌ ကျင်းပပြုလုပ်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)