ပခုက္ကူ ဇန်နဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ သာသနစက္ကပ္ပဝတ္တကအသင်းကြီး၏ (၂၃)ကြိမ်မြောက် သာသနာလင်္ကာရအကျော် စာတော်ပြန်ပွဲ ဘွဲ့ဆက်ကပ်ပူဇော်ပွဲကို ယမန်နေ့ နေ့လယ် ၁၂ နာရီ အချိန်က အမှတ်(၁၅)ရပ်ကွက်၊ မြို့မလမ်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော်များနှင့် ဧည့်သည်တော်များက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ကြပြီး ပခုက္ကူမြို့ မဟာဝိဇယာရာမပါဠိတက္ကသိုလ်(အရှေ့)တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တပဏ္ဍိတ(အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ပခုက္ကူမြို့၊ မဟာဝိသုတာရာမပါဠိတက္ကသိုလ်(အလယ်)တိုက် ဦးစီးပဓာနနာယက နိုင်ငံတော် ဩဝါဒစရိယဆရာတော် ဘဒ္ဒန္တပညာဇောတ (အဂ္ဂမဟာပဏ္ဍိတ)နှင့် ဗောဓိမဏ္ဍိုင်ကျောင်းတိုက်၊ မဟာဝိနာယကဆရာတော် ဘဒ္ဒန္တဝီရိယ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ)အရှင်သူမြတ်တို့ထံက ဩဝါဒတရားနာယူကြည်ညိုခြင်း၊ ပခုက္ကူမြို့၊ သာသနစက္ကပ္ပဝတ္တ ကအသင်းကြီးဥက္ကဋ္ဌ ဦးသိန်းလွင်က စာတော်ပြန်ပွဲဆိုင်ရာလုပ်ငန်း ဆောင်ရွက်ချက်များ လျှောက်ထားခြင်း၊ အသင်းကြီးအဖွဲ့ဝင် ဦးဝင်းကြိုင်က (၂၃)ကြိမ်မြောက် သာသနာလင်္ကာရအကျော်စာတော်ပြန်ပွဲ အောင်စာရင်းကြေညာဖတ်ကြားခြင်းများ ဆောင်ရွက် ကြသည်။
ဆက်လက်၍ ပခုက္ကူမြို့၊ သာသနစက္ကပ္ပဝတ္တကအသင်းကြီး၏ (၂၃)ကြိမ်မြောက် သာသနာလင်္ကာရအကျော်စာတော်ပြန်ပွဲတွင် ဖြေဆိုအောင်မြင်တော်မူကြသော ရဟန်း၊ သာမဏေ ၉ ပါးအား “အာဇည” ဘွဲ့တံဆိပ်တော်နှင့် သီလရှင် ၉ ပါးအား “သုဘဒ္ဒါ” ဘွဲ့တံဆိပ်တော်များ၊ ဘွဲ့တံဆိပ်တုံး၊ ဘွဲ့သေတ္တာနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်ပူဇော် လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှဝေကြသည်။
ပခုက္ကူမြို့၊ သာသနစက္ကပ္ပဝတ္တကအသင်းကြီး၏ (၂၃)ကြိမ်မြောက် သာသနာလင်္ကာရအကျော် စာတော်ပြန်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်မှ ၂၇ ရက်အထိ ကျင်းပရာ ပထမအဆင့်တွင် ၇၃၉ ပါး၊ ဒုတိယဆင့်တွင် ၂၀၅ ပါး၊ တတိယဆင့်တွင် ၄၀ ပါး၊ စုစုပေါင်း သံဃာတော်၊ သာမဏေ၊ သီလရှင် ၂၄၅ ပါး ကြွရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)