ငဖဲမြို့နယ်၌ မဲရုံတာဝန်ထမ်းဆောင်ရမည့်သူများ ကြိုတင်ဆန္ဒမဲပေး

ငဖဲ ဇန်နဝါရီ ၂

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အဖြစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျင်းပဆောင်ရွက်မည်ဖြစ်ရာ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် နိုင်ငံ့တာဝန်ဖြင့် ခရီးသွားရန်ရှိသူများအား ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကြိုတင်ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိသည်။

မြို့နယ်အတွင်းရွေးကောက်ပွဲတွင် မဲရုံတာဝန်ထမ်းဆောင်ကြမည့် ပညာရေးဝန်ထမ်းများဖြစ်သည့် ဆရာ၊ ဆရာမများနှင့် ဌာနဆိုင်ရာဝန်ထမ်းများသည် မိမိတို့တာဝန်ကျရာမဲရုံများသို့ သွားရောက်တာဝန်မထမ်းဆောင်မီ မိမိတို့၏ ဆန္ဒမဲများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် ပဒါန်းအခြေခံပညာအထက်တန်းကျောင်းတို့တွင် ဆန္ဒမဲပေးနိုင်ရေး မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့် တာဝန်ရှိသူများက စီမံဆောင်ရွက်ထားရှိပြီး  မဲစာရင်းတွင်ပါရှိသည့်မိမိဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်မဲများကို ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ ကြိုတင်ဆန္ဒမဲပေးမှုများကို ဆောင်ရွက်လျက်ရှိသည်။

ငဖဲမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ၂၁ အုပ်စုနှင့် ကျေးရွာခွဲ ၂၁ ရွာရှိ မဲရုံ (၅၂) ရုံတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူစုစုပေါင်း ၃၅၀၇၂ ဦး ရှိကြောင်း သိရသည်။

မယု(ငဖဲ)