နတ်မောက်မြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲ ကျင်းပ

နတ်မောက် ဇန်နဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပုံပြင်ပြောပြိုင်ပွဲကို ဇန်နဝါရီလ ၁ ရက် နံနက် ၉ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာဖတ်စွမ်းဆောင်ရည် မြင့်မားစေရန်၊ စကားပြောစွမ်းဆောင်ရည်တိုးတက်စေရန်၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပရ ခြင်းဖြစ်ကြောင်းနှင့် ကျောင်းသား၊ကျောင်းသူများအား အမှတ်ပေးစည်းမျဥ်း စည်းကမ်းများ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ ပုံပြင်ပြောပြိုင်ပွဲကို ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ မိမိတို့နှစ်သက်သည့် ခေါင်းစဥ်များဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဇန်နဝါရီ (၄) ရက်နေ့တွင် ကျင်းပမည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်သည်။ အဆိုပါ ပုံပြင်ပြောပြိုင်ပွဲသို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အခြေခံပညာအထက်တန်းကျောင်း (အောင်ဆန်း)၊ အခြေခံပညာအလယ်တန်းကျောင်း (တမာပင်) ကျောင်းများမှ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများနှင့် အားပေးကြည့်ရှုသည့် ကျောင်းသား၊ ကျောင်းသူ (၅၄) ဦးခန့်ရှိကြောင်း သိရသည်။

လှဝင်း (ပြန်/ဆက်)