ဂန့်ဂေါမြို့၌ ကြိုတင်ဆန္ဒမဲပေး

ဂန့်ဂေါ ဇန်နဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၌ ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ (အပိုင်း-၂) တွင် မဲရုံအသီးသီး၌ တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးများ၊ ဒုမဲရုံမှူးများ၊ တာဝန်ကျဝန်ထမ်းများနှင့် လုံခြုံရေးတာဝန်ထမ်းဆောင်ကြမည့် တပ်ဖွဲ့ဝင်များက ကြိုတင်ဆန္ဒမဲပေးခြင်းများကို ယနေ့နံနက် ၈ နာရီမှစတင်၍ ဆောင်ရွက်ခဲ့ကြသည်။                                    

အဆိုပါ ကြိုတင်ဆန္ဒမဲပေးခြင်းကို မြို့ပေါ်ရှိ မဲရုံ (၁၆) ရုံတွင် တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူးများ၊ ဒုမဲရုံမှူးများနှင့် တာဝန်ကျဝန်ထမ်းများ ကြိုတင်ဆန္ဒမဲပေးခြင်းကို သက်ဆိုင်ရာရက်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ ကြိုတင်ဖြည့်သွင်းရမည့် လျှောက်လွှာပုံစံ (၁၃) များကို တစ်ပါတည်းယူဆောင်၍ ဇန်နဝါရီလ ၁ ရက်မှ ၁၀ ရက်နေ့ထိ နံနက် ၈ နာရီမှ ညနေ ၆ နာရီအထိ ကြိုတင်ဆန္ဒမဲများ ပေးနိုင်မည်ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်တွင် သက်ဆိုင်ရာမဲရုံများသို့ မလာရောက်နိုင်သည့် သက်ကြီးရွယ်အိုများ၊ ကျန်းမာရေးမကောင်းသူများ၊ သားဖွားနေသူများ မဲပေးမည့် နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရေးအတွက် ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက စနစ်တကျစိစစ်၍ ဇန်နဝါရီ ၉ ရက်မှ ၁၀ ရက်နေ့ထိ အိမ်တိုင်ရာရောက် မဲပေးနိုင်ရေးကို ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ဂန့်ဂေါမြို့နယ်တွင် မြို့ပေါ် (၄) ရပ်ကွက်တွင် မဲရုံ (၁၆) ရုံ၊ ကန့်သက်ကျေးရွာတွင် မဲရုံ (၁) ရုံ၊ စုစုပေါင်း (၁၇) ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၁၃၀၄၁) ဦးရှိကြောင်း သိရသည်။

မျိုးမင်း