တွံတေး ဇန်နဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျွဲဒရွတ်ကျေးရွာအုပ်စု၊ ကျွဲဒရွတ်ကျေးရွာနှင့် ထန်းတပင်မြို့နယ် ဖိုးဝဲကြီးကျေးရွာတို့ကို ဆက်သွယ်ထားသော ပန်းလှိုင်ချောင်းကူးတံတား ကျေးလက်ကွန်ကရစ်တံတားသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီ မိနစ် ၃၀က အဆိုပါ တံတား၌ကျင်းပခဲ့သည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ဇော်က စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ကျေးရွာရပ်မိရပ်ဖများကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဋ္ဌေးဝင်းကကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် ကျွဲဒရွတ်ကျေးရွာအုပ်စု၊ ကျွဲဒရွတ်ကျေးရွာရှိ ပန်းလှိုင်ချောင်းကူး (ကျွဲဒရွတ်)တံတား ကျေးလက်ကွန်ကရစ်တံတားသစ်ဖွင့်ပွဲ ဖဲကြိုးဖြတ်ဖွင့်လှစ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးဦးဇော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးသက်ဇော်၊ တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွှန့်နွယ်၊ တွံတေးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဋ္ဌေးဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်အဖွဲ့ဝင်များက ပန်းလှိုင်ဂချောင်းကူးတံတား (ကျွဲဒရွတ်) ကျေးလက်သံကူးကွန်ကရစ်တံတားသစ် ကဗ္ပည်းမော်ကွန်းကျောက်စာအား အမွှေနံသာရည်များဖြင့် ပတ်ဖြန်းပေးခဲကြသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ တိုင်း၊ခရိုင်၊မြို့နယ်များမှ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်လာကြသော ကျေးရွာသူ၊ ကျေးရွာသားများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ယင်းနောက် ဝန်ကြီးချုပ်ဦးစိုးသိန်းက အ.ထ.က (ကံဘဲ့)တွံတေး ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးအပ်ခဲ့ပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းလှိုင်ချောင်းကူးတံတား ကျေးလက်ကွန်ကရစ်တံတားသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ရန်ကုန်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သော တွံတေးမြို့နယ် ကျွဲဒရွတ်ကျေးရွာနှင့် ထန်းတပင်မြို့နယ် ဖိုးဝဲကြီးကျေးရွာတို့ကို ဆက်သွယ်ထားသော ပန်းလှိုင်ချောင်းကူးတံတား အရှည် ၂၂၀ ပေ၊ အကျယ်ပေ ၂၀ သံကူကွန်ကရစ် ဘိုပိုင်တံတားဖြစ်သည်။
တံတားသစ်ကြီး ပြီးစီးသွားသည့်အတွက် ကျေးရွာအုပ်စု (၂) အုပ်စု၊ ကျေးရွာ၇ရွာ၊ အိမ်ခြေ (၆၅၇) အိမ်၊ အိမ်ထောင်စု (၈၇၀) စု၊ လူဦးရေ (၄၅၀၀) ဦး၊ လယ်ယာထွတ်ကုန်စီးဆင်းမှုအတွက် (၂၅၉၉) ဧက၊ စာသင်ကျောင်း (၄) ကျောင်း၊ ကျောင်းသား၊ ကျောင်းသူ (၄၈၃) ဦးကို အထောက်အကူပြုသည့်အပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များ အဆင်ပြေချောမွေ့သွားကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)