သရက် ဇန်နဝါရီ ၁
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲဖွင့်ပွဲ ကျင်းပခြင်းကို ယနေ့နံနက် (၈)နာရီခွဲက ခရိုင်အားကစားကွင်းအတွင်း၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးက အဖွင့်အမှာစကားပြောကြားရာမှာ လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာကျင်းပရာတွင် အားကစားလူငယ်မောင်မယ်များမှ အားကစားသမားစိတ်ဓာတ်အပြည့်ဖြင့် လာရောက်ယှဉ်ပြိုင်ကြသည်ကို တွေ့ရှိရသဖြင့် ဝမ်းမြောက်ကျေနပ်အားရမိပါကြောင်း ပြည်ထောင်စုသမ္မတနိုင်ငံတော်အစိုးရအနေဖြင့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်အဖြစ် ပေါ်ထွန်းလာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားရေးကို နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာအရေးပါတဲ့ ကဏ္ဍတစ်ရပ်အဖြစ် အလေးထားပြီး ရေတို၊ ရေရှည် စီမံချက်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အားလုံးအသိဖြစ်ပါကြောင်း ပြောကြားပေးခဲ့ပြီး ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်ပေးခဲ့ပြီး ဘင်ခရာနှင့် ပန်းပွားအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့ပြီး ဖူဆယ်ဘော်လုံးပြိုင်ပွဲအား စတင်ကျင်းပခဲ့ကြောင်း၊ ပြိုင်ပွဲဝင်အသင်း (၆)သင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
ဇော်ထက်(သရက်)