ပခုက္ကူ ဇန်နဝါရီ ၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၌အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူ တစ်နှစ်သင်တန်းနှင့် လက်ရက်ကန်းခြောက်လ(ဒုတိယအကြိမ်) သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၃၁ ရက်က ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာယုက သင်တန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်များနှင့် သင်တန်းမှတစ်ဆင့်ရရှိမည့် အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားပြီး ပခုက္ကူမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးမှူး ဒေါ်လှဌေးမြင့်နှင့် တာဝန်ရှိသူများက လုပ်ငန်းအမှန်တကယ်ထူထောင်လုပ်ကိုင်မည့် ထူးချွန်သင်တန်းသူ သုံးဦးအား လက်ရက်ကန်းစင်(၁)စင်စီ ပေးအပ်ချီးမြှင့်ကြရာ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက သင်တန်းသူများကိုယ်တိုင် ဒီဇိုင်းရေးဆွဲချုပ်လုပ်ထားသည့် အဝတ်အထည်ဒီဇိုင်းများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
ချည်မျှင်နှင့်အထည်အလိပ်ကျွမ်းကျင်သူတစ်နှစ်သင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ရက်အထိ လည်းကောင်း၊ လက်ရက်ကန်းခြောက်လ(ဒုတိယအကြိမ်)သင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ လည်းကောင်း စုစုပေါင်းသင်တန်းသား သင်တန်းသူ ၁၄ ဦးတို့ဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)