ငဖဲမြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်

ငဖဲ ဒီဇင်ဘာ ၃၁

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာနေထိုင်သည့် ပြည်သူများအား ၂၀၂၅ ခုနှစ် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာလ လအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲ ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ငဖဲမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးက ယာယီနေရပ်စွန့်ခွာနေထိုင်သည့် အိမ်ထောင်စုဝင်များအတွက် လူတစ်ဦးလျှင် ငွေကျပ် နှစ်သောင်းနှုန်းဖြင့် ၂၀၂၅ ခုနှစ် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ ၃ လစာအတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ပေးအပ်သောထောက်ပံ့ငွေများကို ပေးအပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ယာယီနေရပ်စွန့်ခွာပြည်သူများအတွက် ထောက်ပံ့ငွေများပေးအပ်ရေးအဖွဲ့ခေါင်းဆောင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုး နှင့် အဖွဲ့ဝင်များက ငဖဲမြို့နယ်အတွင်း အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ယာယီနေရပ်စွန့်ခွာနေထိုင်သည့် အိမ်ထောင်စုဝင်များအတွက်  တစ်ဦးလျှင် ငွေကျပ် နှစ်သောင်းနှုန်းစီဖြင့် ၂၀၂၅ ခုနှစ် ဇူလိုင်၊ ဩဂုတ်နှင့် စက်တင်ဘာလများအတွက် ထောက်ပံ့ငွေများ ပေးအပ်ပြီး ထောက်ပံ့ငွေပေးအပ်ရန် ကျန်ရှိသောအိမ်ထောင်စုဝင်များအား ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မယု(ငဖဲ)