ထားဝယ် ဒီဇင်ဘာ ၃၁
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့်တိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက အလျှင်အမြန်တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဒီဇင်ဘာ ၃၁ ရက်က ထားဝယ်မြို့၊ အမှတ် (၈)အခြေခံပညာ အထက်တန်းကျောင်း၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး ချုပ်ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ/မများ တက်ရောက်ကြည့်ရှုအားပေးသည်။
ဦးစွာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ငလျင်ဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်နှင့်သိရှိလိုက်နာရမည့်အချက်များအား အသိပညာပေးသရုပ်ပြသနေမှုကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးသည်။
ထို့နောက် ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်ရာတွင်ပူးပေါင်းအဖွဲ့များက ငလျင်လှုပ်ခတ်ပြီးသည်နှင့်တစ်ပြိုင်နက် မီးသတ်ယာဉ်၊ လူနာကူညီသယ်ဆောင်ရေးယာဉ်များဖြင့်အလျှင်အမြန်ရောက်ရှိနေရာယူကြပြီး ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်း ကိရိယာများအား အသုံးပြု၍ ကယ်ဆယ်ခြင်းများကိုလျှင်မြန်စွာ ပြင်ဆင်ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ ကျောင်းအတွင်းပိတ်မိနေသူများနှင့် ဒဏ်ရာရရှိသူများအား ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများအသုံးပြု၍ကယ်ဆယ်ခြင်း၊ ကျန်းမားရေးစောင့်ရှောက်မှုပေးခြင်း၊ ဒဏ်ရာရရှိသူများအနက် အရေးပေါ်လူနာ၊ အရေးကြီးလူနာ၊ သာမန်လူနာများခွဲခြား၍ ရှေးဦးသူနာပြုစုခြင်းနှင့် ဆေးရုံသို့ပို့ဆောင်ခြင်း၊ ကျန်ရှိ/ ပျောက်ဆုံးသူများရှိ/ မရှိကို စာရင်းကောက် ယူစိစစ်ဆောင်ရွက်ခြင်း စသည်တို့ကို အချိန်တိုအတွင်း အလျှင်အမြန် ပြီးစီးရန်ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို က သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဖြစ်ပေါ်လာမှုအပေါ် မူတည်ပြီး ဖြစ်ပွားလာပါက ဆောင်ရွက်ရမည့်နည်းလမ်းများကို ကြိုတင်၍ ဇာတ်တိုက်လေ့ကျင့်ခြင်းဖြစ်ကြောင်း၊ ဘေးအန္တရာယ်နှင့်ပတ်သက်၍ မဖြစ်ခင်ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ဖြစ်ပွားနေစဉ်ကာလအတွင်းကယ်ဆယ်ရေး လုပ်ငန်းများ၊ ဖြစ်ပွားပြီးပါက ပြန်လည် ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် စသည့် အပိုင်း (၃)ပိုင်းရှိကြောင်း၊ ကြိုတင်ပြင်ဆင်အပိုင်းတွင် ပြည်သူများအား အသိပညာပေးလုပ်ငန်းများမြှင့်တင်ရေး၊ တုံ့ပြန်တတ်မှုအသိပညာတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်နိုင်ရေးသည်အရေးကြီးကြောင်း၊ ဇာတ်တိုက်လေ့ကျင့်ခန်းများစွာ ဆောင်ရွက်ပါက ကြိုတင်ပြင်ဆင်သည့် လုပ်ငန်းများတွင် ပိုမိုထိရောက်ကြောင်း၊ ငလျင်ဘေးအန္တရာယ် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းသည် အရေးကြီးပြီး တန်ဖိုးရှိကြောင်း၊ဇာတ်တိုက် လေ့ကျင့်ခန်းမှ တစ်ဆင့်သင်ယူရသော အတွေ့အကြုံများကို မိမိတို့ဘဝအတွက်သာမက မိမိတို့မိသားစု၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းများအတွက် ကောင်းစွာအသုံးချနိုင်မည်ဖြစ်ကြောင်း ဂုဏ်ပြုပြောကြားခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)