ပလောက်မြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲ များကျင်းပ

ပလောက်  ဒီဇင်ဘာ ၃၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ဒီဇင်ဘာ ၃၀ ရက်က ကျောင်းတွင်းအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောင်းတွင်းအားကစားပြိုင်ပွဲတွင် ကျောင်းအုပ်ဆရာမကြီးကိုယ်စား  ဒေါ်ဝင်းမြင့်ခိုင်က ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များအနေဖြင့် အများနှင့်ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ ကောင်းသောယှဉ်ပြိုင်လိုစိတ်များရှိစေရန်၊ အားကစားပြိုင်ပွဲပြုလုပ်ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်များ ပြောကြားခဲ့ပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထိုသို့ မူလတန်း၊အလယ်တန်းနှင့် အထက်တန်းဆင့်ယှဉ်ပြိုင်ကစားရာတွင် မုန့်စားပြိုင်ပွဲ၊ အင်္ကျီဝတ်ပြိုင်ပွဲ၊ စာအုပ်ရွက်ပြိုင်ပွဲ၊ ထုပ်ဆီးထိုး၊ ပူစီဖောင်းဖောက်ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ခြေသုံးချောင်းထောက်ပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ အပြေးပြိုင်ပွဲများကို အခြေခံပညာ အထက် တန်းကျောင်း ကျောင်းဝင်းအတွင်း၌ ကျင်းပပြီး ဆုရရှိသူများကို ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားတွင် ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ပလောက်(ပြန်/ဆက်)