ပေါင် ဒီဇင်ဘာ ၃၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မဲဆန္ဒရှင်ပြည်သူအားလုံး ပါဝင်မဲပေးနိုင်စေရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မုတ္တမကျေးရွာအုပ်စု၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးဝင်းအနောက်ရှိ၊ မာဂဒူခန်းမ၌ပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်၊ အတွင်းရေးမှူး ရဲမှူးအောင်ဆွေဦး၊ အဖွဲ့ဝင်ဗိုလ်မှူးကျော်နိုင်ဦး၊ မြို့နယ်ဥပဒေအရာရှိ ဦးမျိုးထက်ကျော်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ဂျူးနီတာဇော်နှင့် မုတ္တမကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူ (၁၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထင်လင်းအောင်က မိမိတို့သည် နိုင်ငံသားများဖြစ်ကြသည့်အတွက် နိုင်ငံတော်၏ စနစ်ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာတွင် မဖြစ်မနေလိုက်ပါဆောင်ရွက်ရန် တာဝန်ရှိကြောင်း၊ နိုင်ငံသားပီသစေရန်နှင့် မိမိတို့၏နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် မဲစာရင်းကြည့်ရှုကြရန်နှင့် ရွေးကောက်ပွဲ၌ ပါဝင်မဲထည့်ဝင်သွားကြရန် ဆွေးနွေးပြောကြားခဲ့သည်။ အဖွဲ့ဝင်ဗိုလ်မှူးကျော်နိုင်ဦးက မိမိတို့ မြို့နယ်သည် အေးချမ်းတည်ငြိမ်ပြီး ပြည်သူများ လွတ်လပ်စွာ သွာလာလုပ်ကိုင်နေထိုင်နိုင်သည့် မြို့နယ်တစ်ခုဖြစ်သည့် အားလျော်စွာ အဖျက်အမှောင့်သမားများနှင့် ဆန့်ကျင်ဘက်အဖွဲ့များ၏ နည်းမျိုးစုံဖြင့် ဝါဒဖြန့်လှုံ့ဆော်မှုများအပေါ် နားမယောင်ကြရန်နှင့် ရွေးကောက်ပွဲအောင်မြင်စေရေးအတွက် တပ်မတော်၏ ကြိုးပမ်းဆောင်ရွက်မှုတို့အားလည်ကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးမျိုးထက်ကျော်က ရွေးကောက်ပွဲ ဥပဒေနှင့် နိုင်ငံသားများလိုက်နာကျင့်ကြံရမည့် ဥပဒေ၊ နည်းဥပဒေများအားလည်ကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ဂျူးနီတာဇော်က ရွေးကောက်ပွဲပြုလုပ်မှုနှင့်ပတ်သက်၍ ဒေသခံပြည်သူများ မဲထည့်ဝင်ပုံနည်းလမ်းများ၊ မဲရုံသို့လာရောက်စဥ် ဆောင်ရန်ရှောင်ရန်အချက်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
မွန်မလေး(ပြန်/ဆက်)