မော်လမြိုင် ဒီဇင်ဘာ ၃၁
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း (၁) ၏ အားနည်းချက်၊ အားသာချက်များအားစံနမူနာယူ၍ ယခုကျင်းပပြုလုပ်မည့် အပိုင်း (၂) အောင်မြင်စွာကျင်းပနိုင်ေရးအတွက် ကော်မတီဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီး ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ပြည်နယ်ရွေးကောက်ပွဲအရာရှိက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တက်ရောက်လာသူများက သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လုပ်ငန်းလိုအပ်ချက်များကို ဆွေးနွေးတင်ပြကြရာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဆွေးနွေးတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) ကို ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၁၁ရက်နေ့တွင် မွန်ပြည်နယ်အတွင်း ကျန်ရှိသည့် မြို့နယ် (၅) မြို့နယ်တွင် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)