မော်လမြိုင် ဒီဇင်ဘာ ၃၁
နိုင်ငံ၏ အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာဗဟုသုတများ ပြည့်စုံကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး လူငယ်စကားဝိုင်းဆွေးနွေးပွဲများကို အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားတွင် အ.ထ.က(၂)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မော်လမြိုင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စန်းမြင့်က လူငယ် စကားဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်၍ အ.ထ.က(၂)ကျောင်းမှ Grade-10/11 ကျောင်းသား/ ကျောင်းသူများဖြစ်ကြသော မဆောင်းနှင်းဖြူက လူငယ်နှင့်မူးယစ်ဆေးဝါး၊ မမြတ်သန္တာဖြူ လူငယ်နှင့် စာဖတ်ဝါသနာ၊ မောင်ပြေတီဦးက လူငယ်နှင့်အားကစား၊ မောင်ချစ်မျိုးအောင်က လူငယ်နှင်ကျန်းမာရေး မဆောင်းအိန္ဒြထွန်းက လူငယ်နှင့် အင်တာနက်စသည့် ခေါင်းစဉ် များဖြင့် ဝိုင်းဖွဲ့ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ဆွေးနွေးမှုနှင့်ပတ်သက်၍ သိရှိလိုသည့်မေးခွန်းများကို တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)