ရေနံချောင်းမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ရေနံချောင်း ဒီဇင်ဘာ ၃၁

မကွေးတိုင်းဒေသကြီးရေနံချောင်းမြို့နယ်၌ ကျောင်းသားကျောင်းသူလူငယ်များ လွတ်လပ်ရေး၏ အနစ်သာရကိုသိရှိပြီး တန်းဖိုးထားထိမ်းသိမ်းတတ်စေရန်ရည်ရွယ် ၂၀၂၆ ခုနှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ယနေ့နံနက် နာရီခွဲက မြို့မမြောက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သပြေ၌ ကျင်းပသည်။

ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က မြန်မာနိုင်ငံလွတ်လပ်ရေးရရှိအောင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ကြိုပမ်းဆောင်ရွက်ခဲ့ပုံများနှင့် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို အသိပညာပေးဟောပြောပြီး ကျောင်းသား/ကျောင်းသူလူငယ်များအနေဖြင့် လွတ်လပ်ရေး၏အနစ်သာရကိုသိရှိကာ တန်ဖိုးထားထိန်းသိမ်းကြဖို့လိုကြောင်း ပြောကြားသည်။

ထို့နောက် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံဒေါ်ချိုဝေလွင်က အစားစာဘေးကင်းလုံခြုံရေးနှင့် စာသုံးသူအခွင့်အရေးဆိုင်ရာများကို ဆက်လက်အသိပညာပေးဟောပြောသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)က ထုတ်ဝေသည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ပြီး (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆိုင်ရာနံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်