အောင်လံ ဒီဇင်ဘာ ၃၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ အ.ထ.က(၁)ကျောင်းတွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အသက်(၆၀)ပြည့် ပင်စင်စား ဆရာကြီး၊ ဆရာမကြီးများအား ကျောင်းသားဟောင်းတပည့်များမှ မြတ်ဆရာပူဇော်ပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က(၁) ရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ မြတ်ဆရာပူဇော်ပွဲအခမ်းအနားကို နံနက် ၈ နာရီမှစတင်၍ ကျောင်းသား/သူ ဟောင်းများမှ စာသင်နှစ်များအလိုက် စုပေါင်း၍ တက်ရောက်လာသူအပေါင်းတို့အား စတုဒီသာများ ကျွေးမွေးပြီး၊ တေးသီချင်းများဖြင့် သီဆိုဧည့်ခံခဲ့ကြသည်။
ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီး ဆရာကြီး၊ ဆရာမကြီးတို့အား ကန်တော့ချိုးဖြင့် ကန်တော့ကြပြီး၊ ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများအား ကန်တော့ငွေများဖြင့် ပူဇော်ခြင်း၊ တပည့်ဟောင်းများမှ သီးခြားကန်တော့ငွေ၊ ကန်တော့ပစ္စည်းများဖြင့် ကန်တော့ကြသည်။
ယခုနှစ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားတွင် အသက်(၈၀)နှစ်နှင့်အထက် ဆရာကြီး၊ ဆရာမကြီး တစ်ဦးလျှင် (၁၃၀၀၀၀)ကျပ်နှုန်း၊ အသက်(၈၀)နှစ်အောက် ဆရာကြီး၊ ဆရာမကြီး တစ်ဦးလျှင် (၁၁၀၀၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်း(၁၁၃)ဦး ပူဇော်ကန်တော့နိုင်ခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)