ပခုက္ကူတက္ကသိုလ်၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပခုက္ကူ ဒီဇင်ဘာ ၃၁

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန ပခုက္ကူတက္ကသိုလ်၌ မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က  အဆိုပါတက္ကသိုလ်ရှိ ကျွန်းရွေဝါခန်းမတွင် ကျင်းပပြုလုပ်သည်။

ဟောပြောပွဲတွင် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က အဖွင့်အမှာစကားပြောကြားပြီး ပခုက္ကူမြို့မစခန်းမှူး ဒုတိယရဲမှူး အောင်ကျော်စိုးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများ၊  မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ခံစားရရှိနိုင်သည့် စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးဆိုင်ရာများ၊  အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်(ပခုက္ကူ)မှ ဒုတိယရဲအုပ် ဝင်းလှိုင်က လူကုန်ကူးမှုဖြစ်စဉ်များနှင့် နည်းလမ်းများ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေများ၊ ပြစ်မှု၊ ပြစ်ဒဏ်များ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဆောင်ရွက်ရမည့် နည်းလမ်းများကို အသိပညာပေးဟောပြောကြသည်။

အဆိုပါဟောပြောပွဲတွင် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်ခင်ထွတ်၊ သင်ကြား/စီမံဌာနမှူးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြပြီး မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)