အောင်လံ ဒီဇင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၊ ဒုရင်္ဂဗိုလ်ကျေးရွာတွင် “အောင်လံသား” စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းစု၏ စပါးကြိတ်ခွဲသန့်စင်စက် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်၊ သံယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး၊ ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီခဲ့သည့် ဘင်ခရာအဖွဲ့အား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများပေးအပ်ကာ၊ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ထို့နောက် ဖွင့်ပွဲအထိမ်းအမှတ်အခမ်းအနားကို ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီးအနေဖြင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဦးတည်ချက်(၄)ရပ်မှာ ပါဝင်တဲ့ “နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့်အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး” ဟူသည့် ဦးတည်ချက်နှင့် “နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ မိမိတို့ကဒေသလိုအပ်ချက်ကို ဖြည့်ဆည်းထားပြီးဖြစ်လို့ အသင်းသားပိုင် စပါးအခြောက်ခံစက် မှာ တစ်ရက် တင်းပေါင်း (၈၀၀)၊ အသင်းပိုင်စပါးကြိတ်ခွဲသန့်စင်စက်မှာ တစ်ရက်တင်း ပေါင်း (၁၄၀၀)ကျော် ကြိတ်ခွဲသန့်စင်ပေးနိုင်ပြီး လယ်ဧက(၁၅၀၀)ကျော်၊ တောင်သူ(၇၀၀)ဦးခန့်ကို အကျိုးပြုနိုင်မှာဖြစ်ပါတယ်၊ ဒါ့အပြင် ဒီအသင်းမှာပါဝင်တဲ့ အသင်းသားတောင်သူ(၁၂၀၈)ဦး သာမကအသင်းသား မဟုတ်သူတောင်သူများကိုလည်း အသင်းဝင်စေပြီး တောင်သူတွေရဲ့ အကျိုးစီးပွားကို ဆောင်ရွက်ပေးနိုင်မှာဖြစ်ပြီး၊ အသင်းအနေဖြင့်လည်း အသင်းဖွဲ့စည်းစဉ်က ရည်ရွယ်ချက်ပါ အတိုင်းအသင်းသားများ၏ အကျိုးကိုရှေ့ရှု၍ လုပ်ငန်းများ အမှန်တကယ်အကောင်အထည်ဖော်နိုင်အောင်ဆောင်ရွက်ပြီး၊ ထွက်ရှိလာသော ဆန်များကိုလည်း ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချဖြန့်ဖြူးနိုင်ရေး၊ အသင်းရေရှည်ရပ်တည်အောင်မြင်ရေးအတွက် အသင်းသားများဘက်ကလည်း ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ “အောင်လံသား” စိုက်ပျိုးထုတ်လုပ်ရေးသမဝါယမအသင်းစုဥက္ကဋ္ဌမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး၊ ကျေးရွာမှတာဝန်ရှိသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)