ရေဦးမြို့တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ဆုပေးပွဲအခမ်းအနားနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ရေဦး ဒီဇင်ဘာ ၃၀

ကျောင်းသား/ကျောင်းသူများ လွတ်လပ်ရေး၏အနှစ်သာရကိုသိရှိတန်ဖိုးထားတတ်‌စေရန်နှင့် လွတ်လပ်ရေးနေ့ပေါ်ပေါက်လာပုံကို သိရှိနိုင်ကြစေရန်ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင်အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမတွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီးမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဆွေ၀င်းက လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများ ကျင်းပပေးရခြင်း၊ လွတ်လပ်ရေးနေ့ပေါ်ပေါက်လာပုံသမိုင်းအကျဉ်းနှင့် ဌာနမှ ပြည်သူကိုဗဟိုပြုလျှက် ပြည်သူ့၀န်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို အသိပေးပြောကြားခဲ့သည်။

စာစီစာကုံးပြိုင်ပွဲသို့ အခြေခံပညာအထက်တန်းအဆင့် ကျောင်းသားကျောင်းသူ ၂၅ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူ(၅)ဦးအား တာဝန်ရှိသူများက ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများက ပြန်ဆက်ဦးစီးဌာနက ပြသထားသည့် နံရံကပ်စာစောင်များနှင့် သုတရသစာအုပ်စာစောင်များကို စိတ်ဝင်တစားလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

သန်းသန်း(ပြန်/ဆက်)