စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

မုံရွာ ဒီဇင်ဘာ ၃၀

၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက်၊ လွတ်လပ်ရေးနေ့အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများအနေဖြင့် မိမိတို့အားပေးအပ်ထားသည့်လုပ်ငန်းများ တာဝန်ကျေပွန်စွာ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ ယခင်နှစ်များမှ အားသာချက်၊ အားနည်းချက်များအား ပြန်လည်သုံးသပ်၍ ယခုနှစ်တွင် ပိုမိုစည်းကားသိုက်မြိုက် အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲ ရွှင်ပွဲများကျင်းပရာတွင်လည်း ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများနှင့် မြို့နေပြည်သူများ စည်းလုံးပျော်ရွှင်စွာဖြင့် ကစားနိုင်သည့်အားကစားနည်းများကိုသာ ထည့်သွင်းကျင်းပသွားကြရန် လိုအပ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် လိုအပ်ချက်များရှိပါက မိမိတို့တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ အချိန်နှင့်တစ်ပြေးညီဆွေးနွေးတင်ပြသွားကြရန် လိုအပ်ပါကြောင်း ပြောကြား ခဲ့သည်။

ယင်းနောက် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ကော်မတီများ ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိမှုနှင့် ကြိုတင်ဆောင်ရွက်သွားမည့်လုပ်ငန်းများအား ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူးမှလည်းကောင်း၊ လွတ်လပ်ရေးနေ့ပြိုင်ပွဲများကျင်းပရေး ဆပ်ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးမှလည်းကောင်း၊ ဖိတ်ကြားရေး၊ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံရေးဆပ်ကော်မတီအတွင်းရေးမှူး၊ မုံရွာခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှလည်းကောင်း၊ ပို့ဆောင်ဆက်သွယ်ရေးဆပ်ကော်မတီ၊ အတွင်းရေးမှူးမှလည်းကောင်း၊ ဧည့်ခံ ကျွေးမွေးရေးနှင့် ညစာစားပွဲကျင်းပရေးဆပ်ကော်မတီ၊ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ညွှန်ကြားရေးမှူးမှလည်းကောင်း၊ ပြန်ကြားရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးမှလည်းကောင်း၊ ကျန်းမာရေး ဆပ်ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူးမှလည်းကောင်း၊ လုံခြုံရေးဆပ်ကော်မတီအတွင်းရေးမှူး၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ လည်းကောင်း မိမိတို့ကော်မတီများအလိုက် လုပ်ငန်းများဆောင်ရွက်သွားမည့် အခြေအနေများ အား အသီးသီးဆွေးနွေးတင်ပြကြသည်။

ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက်၊ လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိမိတို့ဌာနများအလိုက် ပူးပေါင်းဆောင်ရွက် သွားမည့်လုပ်ငန်းများအား ဆွေးနွေးအကြံပြုတင်ပြကြသည်။   

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာကြသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)