နတ်မောက်မြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စံပြမိခင်ပြိုင်ပွဲကျင်းပ

နတ်မောက် ဒီဇင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စံပြမိခင်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှူး (၁) ဒေါ်ရီရီငြိမ်းက စံပြမိခင်ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်၊ အကဲဖြတ်အမှတ်ပေးပုံနှင့်ဆုချီးမြှင့်မည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်အေးအေးစိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရှိ ဆရာမများကနို့ တိုက်မိခင်များအား မိခင်နို့တိုက်ကျွေးမှု၊ နို့တိုက်မိခင်အစာစားသုံးမှု၊ ကလေးအစာကျွေးမှု၊ ကိုယ်ဝန်စောင့်ရှောက်မှုခံယူခြင်း၊ ကလေးကျန်းမာရေးစောင့်ရှောက်မှုခံယူခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေးများကို မေးခွန်းများမေးမြန်း၍ အကဲဖြတ်အမှတ်ပေးကြသည်။ ဆက်လက်၍ တာဝန်ရှိသူများက စံပြမိခင်ဆုရရှိသူများအား ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။

လှဝင်း