ငဖဲမြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ငဖဲ ဒီဇင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်သည့် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။      

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအကျဉ်း၊ (၂၀၂၆)နှစ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အမျိုးသားရေး ဦးတည်ချက်(၄)ရပ်၊ ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်(ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)(၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြောကြားသည့်မိန့်ခွန်းမှကောက်နုတ်ချက်)၊ လွတ်လပ်ရေး၏အဓိပ္ပါယ် (၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော ပြည်သူ့အစည်းအဝေးတွင်ပြောကြားခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်၊ လွတ်လပ်ရေးဆိုသည်မှာ(ကဗျာ)၊ လွတ်လပ်ရေးနေ့ဆိုင်ရာ ဓါတ်ပုံ၊ ရုပ်ပြနှင့်ဆောင်ပုဒ်များ ပါဝင်သည်။

အဆိုပါ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုယုသိန်းနှင့်ဝန်ထမ်းများက ငဖဲမြို့အခြေခံပညာအထက်တန်းကျောင်းတွင် ရွေးကောက်ပွဲဆိုင်ရာမဲရုံမှူး သင်တန်းသား/သူများနှင့် ကျောင်းသား/သူများအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)