မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း သူနာပြုသားဖွားဒီပလိုမာ အောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားသို့တက်ရောက်

မော်လမြိုင် ဒီဇင်ဘာ ၂၉

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် သူနာပြုသားဖွားသင်တန်းကျောင်း (မော်လမြိုင်)၊ နဝမအကြိမ်မြောက် သူနာပြုနှင့်သားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများနှင့် မိဘညီအစ်​မောင်နှမများတက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက သင်တန်းသား၊ သင်တန်းသူ မောင်၊ မယ်များအနေဖြင့် မိမိတို့ရဲ့သူနာပြုစုစောင့်ရှောက်မှု အရည်အသွေးတွေ တိုးတက်မြင့်မား လာအောင်ကြိုးစားရင်း ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးပြည့်ဝစွာ ပေးနိုင်ရန်အရေးကြီးကြောင်း၊ မည်သည့်ဒေသ၌ တာဝန်ထမ်းဆောင်ရသည်ဖြစ်‌စေ တတ်မြောက်ထားတဲ့ပညာရပ်များဖြင့် ပြည်သူ့အကျိုးကို အလေးထားဆောင်ရွက်နိုင်သူများ ဖြစ်ကြစေရန်၊ သူနာပြုသားဖွားများရဲ့ကျင့်ဝတ်၊ သိက္ခာတို့ကို လေးစားလိုက်နာ၍ မေတ္တာ၊ ဂရုဏာစိတ်အပြည့်အဝဖြင့် တာဝန်ထမ်းဆောင်ပေးကြရန် တိုက်တွန်းလိုကြောင်း အမှာစကားပြောကြားခဲ့သည်။

ထို့နောက်ပြည်နယ်ဝန်ကြီးချုပ်က သူနာပြုနှင့်သားဖွားသင်တန်းကျောင်း (မော်လမြိုင်)အတွက် စားသောက်ဖွယ်ရာများပေးအပ်ခဲ့ပြီး သူနာပြုသားဖွားသင်တန်းသူ၊ သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံအားပေး နှုတ်ဆက်ခဲ့သည်။

ဆက်လက်၍ သူနာပြုနှင့်သားဖွားသင်တန်းသူ၊ သင်တန်းသားများက သူနာပြုသစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး သူနာပြုသင်တန်း‌ကျောင်းအုပ်ကြီးက သူနာပြုနှင့်သားဖွားဒီပလိုမာသင်တန်းတွင် အောင်မြင်ခဲ့ကြသည့် သင်တန်းသူ၊ သင်တန်းသား (၈၂) ဦးအား အောင်လက်မှတ်များကို ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရှိရသည်။

ပြည်နယ်(ပြန်/ဆက်)