ဆင်ပေါင်ဝဲမြို့နယ်တွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ ပြိုင်ပွဲနှင့် ပြပွဲများ ကျင်းပ

ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်ပိုစတာများကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမနှင့် ကလေးစာဖတ်ခန်း၌ ကျင်းပသည်။

ရှေးဦးစွာ ဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ဦးစီးမှူး ဦးစည်သူထွန်းလင်းက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာများ၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အားလပ်ချိန်များတွင် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုကြစေရန်အချက်များကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ရာ ကျောင်းသား/ကျောင်းသူများက စာစီစာကုံးပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို ပါဝင်ယှဥ်ပြိုင်ခဲ့ကြရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဦးကြည်သင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်ပြီး ဆေးရောင်ခြယ်ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား မုန့်များပေးအပ်ခဲ့ရာ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားတွင် ဆုများပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်လင်းထံမှသိရပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်ပိုစတာများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)