၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် မကွေးမြို့နယ်၌ မဲဆန္ဒရှင် ပြည်သူများက ကိုယ်စားလှယ်လောင်းများအား လွတ်လပ်စွာ ဆန္ဒမဲပေး

မ‌ကွေး  ဒီဇင်ဘာ ၂၈ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို ယနေ့နံနက်(၆)နာရီမှစတင်ကာ နိုင်ငံတစ်ဝှမ်းတွင် တစ်ပြိုင်တည်း ကျင်းပလျက်ရှိရာ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်ရှိ မဲဆန္ဒနယ် အသီးသီးတွင် မဲဆန္ဒရှင် ပြည်သူများက လွတ်လပ်စွာ စနစ်တကျ ဆန္ဒမဲပေးလျက်ရှိကြသည်။

မြို့နယ်အတွင်းရှိ သက်ဆိုင်ရာမဲရုံအသီးသီး၌ မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မဲရုံကြီးကြပ်ရေးမှူးများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ ကိုယ်စားလှယ်လောင်းများစသည့် အသိသက်သေများရှေ့မှောက်တွင် MEVM မဲပုံးများစစ်ဆေးခြင်း၊ လုံခြုံရေးကြိုးတပ်ဆင်ခြင်း၊ ကုတ်နံပါတ်များစစ်ဆေးခြင်း၊ ကိုယ်စားလှယ်လောင်းများအား ကြိုတင်စမ်းသပ်မဲဆောင်ရွက် စေခြင်း၊ MEVM မဲပေးစက်များအား Clear ပြန်လုပ်ခြင်းများဆောင်ရွက်ပြီးသည့်နောက် နံနက်(၆)နာရီတိတိတွင် မဲရုံမှူးက  မဲရုံဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် စောင့်ဆိုင်းနေသည့် မဲဆန္ဒရှင်ပြည်သူများမှ  MEVM မဲပေးစက်များဖြင့် လျှို့ဝှက်ဆန္ဒပြုခန်းများ၌ အသီးသီး ဆန္ဒပြုခဲ့ကြသည်။  

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရရှိလာသော အခွင့်အရေးနှင့် ဆန္ဒမဲပေးခွင့်တို့ကို နိုင်ငံသားတိုင်းက လက်လွတ်မခံ အမျိုးသားရေး အခွင့်အလမ်းတို့ကို ပြည့်ပြည့်ဝဝအသုံးချကာ မိမိကြိုက်နှစ်သက်ရာပါတီနှင့် လွှတ်တော် ကိုယ်စား လှယ်လောင်းများအား လွတ်လပ်စွာဆန္ဒမဲပေး ရွေးချယ်ကြသည်။ မကွေးမြို့နယ်အနေဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်စု(၇၆)အုပ်စုတွင် မဲရုံပေါင်း(၂၆၀)ရုံ ဖွင့်လှစ်ထားရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူ စုစုပေါင်း(၂၄၀၈၃၆)ဦးရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။ 

ခရိုင်(ပြန်/ဆက်)