ပခုက္ကူမြို့၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေး

ပခုက္ကူ ဒီဇင်ဘာ ၂၈

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) ကို ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိမဲရုံများ၌ ယနေ့နံနက်ပိုင်းမှ စတင်ပြီး မဲပေးပိုင်ခွင့်ရှိသူပြည်သူများက ဆန္ဒမဲပေးကြကြောင်း သိရသည်။

ပခုက္ကူမြို့၌ ရပ်ကွက်ပေါင်း (၁၅) ရပ်ကွက်တွင် မဲပေးပိုင်ခွင့်ရှိသူပြည်သူ (၁၀၂၁၃၀) ဦးရှိပြီး မဲရုံပေါင်း (၅၀) ရုံရှိရာ သက်ဆိုင်ရာမဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပါတီကိုယ်စားလှယ်များ၊ လေ့လာစောင့်ကြည့်သူများရှေ့မှောက်တွင် ဆန္ဒမဲထည့်မည့် မဲပုံးများအတွင်း မည်သည့်အရာမျှမရှိကြောင်း ပြသပြီး လုံခြုံရေးကြိုးများဖြင့် မဲပုံးပိတ်ခြင်း၊ မဲရုံဖွင့်လှစ်ကြောင်းကြေညာခြင်း၊ မဲပေးစက်စစ်ဆေးခြင်း၊ မဲစာရင်းစစ် ဆေးခြင်း၊ လွှတ်တော်အလိုက်ဆန္ဒမဲပေးခြင်း၊ မဲပေးပြီးကြောင်း အမှတ်အသားအဖြစ် မင်တို့ခြင်းများ စနစ်တကျဆောင်ရွက်ကြပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပြည်သူများက ဝင်ရောက်ယှဉ်ပြိုင်သော နိုင်ငံရေးပါတီ (၄) ပါတီမှ မိမိကြိုက်နှစ်သက်ရာ ပါတီကိုယ်စားလှယ်ကို လွတ်လပ်စွာ ဆန္ဒမဲပေးလျက်ရှိကြသည်။

ထိုသို့ မဲဆန္ဒရှင်ပြည်သူများ မဲပေးနေမှုအား ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကွင်းဆင်းလှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကယ်ရီမောင်