မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင့်လွင် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလမ်းလျှောက်ပွဲ ပါဝင်ဆင်နွဲ

မကွေး    ဒီဇင်ဘာ    ၂၈

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထု ကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင် ကာကွယ်နိုင်ရန်နှင့် သက်တမ်းစေ့နေနိုင်ရန်၊ အမျိုးသားအားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားစားလှုပ်ရှားမှုများ ပိုမိုဆောင်ရွက် လာနိုင်စေရန် ရည်ရွယ်၍ ဒီဇင်ဘာ လူထုအားကစား စုပေါင်းလမ်းလျှောက်ပွဲများကို နိုင်ငံတစ်ဝန်းတွင် ကျင်းပလျက်ရှိသည့်နည်းတူ မကွေးတိုင်းဒေသကြီး ဒီဇင်ဘာလူထု အားကစားလ  စုပေါင်းလမ်းလျှောက်ပွဲကို ယမန်နေ့နံနက် ၅ နာရီခွဲက မကွေးမြို့ တိုင်းအားကစားကွင်း‌ရှေ့၌ ကျင်းပရာ စုပေါင်းလမ်းလျှောက်ပွဲသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်‌မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီး တရား လွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ တက္ကသိုလ်/ ဒီဂရီ ကောလိပ်များမှ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပြည်သူများ စုစုပေါင်း အင်အား(၅၀၀၀)ကျော် တက်ရောက်၍ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။

ဦးစွာ တိုင်း‌ဒေသကြီး ဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ လမ်းလျှောက်ပွဲကို ဖွင့်လှစ်ပေးပြီး တာလွှတ်ပေးရာ တိုင်းအားကစားကွင်းရှေ့မှ စတင်၍ ပြည်တော်သာလမ်း၊ ထိုမှတဆင့် မြို့ပတ်လမ်း တစ်လျှောက်၊ အ.ထ.က(၁)လမ်းမှ အဝေရာလမ်းအတိုင်း စုပေါင်းလမ်းလျှောက်၍ တိုင်းအားကစား ကွင်းအတွင်း ပြန်လည်ဝင်ရောက်ပြီး တိုင်းဒေသကြီး အားကစားကွင်းတွင် ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင်ခန်း အတွဲ(၁) အတွဲ(၂)နှင့် Physical Fitness Dance လေ့ကျင့်ခန်းတို့ကို တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက သရုပ်ပြသပေးကာ စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ကြသူများက တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြပြီး စုပေါင်းလမ်းလျှောက်သူများအား စားသောက်ဖွယ်ရာ မုန့်နှင့် ရေသန့်ဘူးများ ဖြန့်ဝေပေး ခဲ့သည်။

ထို့နောက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုလှုပ်ရှားမှု အားကစားလ (ပဉ္စမပတ်) လှုပ်ရှားမှု အထိမ်းအမှတ် စုပေါင်းလမ်းလျှောက်ပွဲတွင် ပါဝင်ဆင်နွဲခဲ့ကြသည့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများအား တီဗွီ၊ ရေခဲသတ္တာ၊ အဲယားကိုလာ၊ မိုဘိုင်းဖုန်း၊ လူသုံးကုန် ပစ္စည်းများ၊ ထီလက်မှတ်များနှင့် ငွေသားဆု‌မဲများကို ဗလာမပါကံစမ်းမဲများအဖြစ် မဲဖောက်ပေးကာ ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်းနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ လူထူအား ကစားလှုပ်ရှားမှု အထိမ်းအမှတ် အခြေခံပညာကျောင်းပေါင်းစုံ Fitness Dance ပြိုင်ပွဲတွင် ဆုရရှိသည့် ပြိုင်ပွဲဝင်အသင်းများအား ဆုတံဆိပ်နှင့် ငွေသားဆုငွေများကို အသီးသီး ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်ဆက်)