ကြံခင်းမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး မဲရုံများဆောင်ရွက်ထားရှိမှုနှင့် မဲပေးစက်များစနစ်တကျတပ်ဆင်ထားမှုအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ကြံခင်း  ဒီဇင်ဘာ  ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ဆန္ဒမဲပေးမည့်ပြည်သူများ အဆင်ပြေချောမွေ့စွာ မဲပေးနိုင်စေရေးအတွက် ယနေ့မွန်းလွဲပိုင်းက အခြေခံကျောင်းများရှိ မဲရုံများအတွင်း၌ ကြိုတင်ပြင်ဆင်ထားရှိမှုများအား တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)အဖွဲ့ဝင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက  ကွင်းဆင်းစစ်ဆေးကြ သည်။

ကြံခင်းမြို့ပေါ်ရပ်ကွက် (၃)ခုရှိ မဲရုံ (၆)ရုံတွင် အီလက်ထရောနစ်မဲပေးစက် (MEVM) တပ်ဆင်ဆောင်ရွက်ထားရှိမှု၊ မဲရုံဖွဲ့စည်းပုံနှင့် ဆန္ဒပြုခန်းများပြင်ဆင်ထားရှိမှုအားတို့အား တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)အဖွဲ့ဝင် ဦးသန်းထွန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ဥက္ကဋ္ဌ ဦးလှိုင်ဝင်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးပြီး၊ လွှတ်တော်အလိုက် အီလက်ထရောနစ် မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးရာတွင် ပါတီများမှန်ကန်မှုရှိစေရေး ပါတီကိုယ်လှယ်လောင်းများ ရှေ့မှောက်တွင် စမ်းသပ်မဲပေးခြင်းများကိုဆောင်ရွက်ကြသည်။ ထို့နောက် တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့(ခွဲ) အဖွဲ့ဝင်က မဲရုံမှူး၊ ဒုမဲရုံမှူးများအား လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ သည်။

အလားတူ ကြံခင်းမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာ ၃၅ စုတွင် မဲရုံ ၈၄ ရုံတွင် ဆန္ဒမဲများ မှန်ကန်တိကျစေရေး လွတ်တော်ကိုယ်စားလှယ်လောင်းများရှေ့မှောက်တွင် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့များက ကြီးကြပ်၍ စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ ကြံခင်းမြို့၌ ပါတီ(၅)ခုဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ တတိယအကြိမ်အထိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆၆၃၉၁ ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ)ရုံးမှ သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)