ပုသိမ် ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ စိန့်ပီတယ်ကက်သီဒြယ်ကျောင်း၊ ကက်သလစ်အသင်းတော် ပုသိမ်ဂိုဏ်းအုပ်သာသနာ၌ ခရစ္စမတ်နှင့် နှစ်သစ်ကူးကျေးဇူးတော် ချီးမွမ်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားကို ခရစ္စမတ်သီချင်း သီဆိုနှုတ်ခွန်းဆက်ပြီးနောက် ပုသိမ်ကတ်သလစ်သာသနာ ကျောင်းထိုင်ဘုန်းတော်ကြီး ရာဖာအဲယ်ဖုန်းနိုင်ဦးက ခရစ္စမတ်သတင်းစကား မြွက်ကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ အခုအချိန်မှာ ကမ္ဘာတစ်ဝန်းလုံးမှာရှိသည့် ခရစ်ယာန်ဘာသာဝင်များသည် အလွန်ကြည်နူးပျော်ရွှင်စွာ ခရစ္စမတ်ပွဲတော်များကို ကျင်းပနေကြပါကြောင်း၊ ခရစ်တော်၏ နာမတော် ဂုဏ်ကျေးဇူးတော်တို့ကို အောက်မေ့ခြင်း၊ ချီးမွမ်းခြင်း၊ လူသားများကို မေတ္တာတရား၊ အကြင်နာဂရုဏာတရားများပေးပြီး လူသားများ၏ အလိုဆန္ဒပြည့်ဝစေရန် ကောင်းချီးပေးလျက်သာယာအေးမြစေသော ကျေးဇူးတော်တို့ကို မြွက်ဟရွတ်ဆိုကြလျက် လှိုက်လှဲပျော်ရွှင်စွာ ဆင်ယင်နေကြပါကြောင်း၊ ကိုးကွယ်မှုဘာသာသာသနာတိုင်းမှာ လူသားများအားလုံးအတွက် အကျိုးဖြစ်ထွန်းစေရေး၊ လောကလူ့ဘောင်ကြီး အေးချမ်းသာယာရေးအတွက် အကျိုးပြုအဆုံးအမတရား များ၊ လမ်းညွှန်ချက်များ နည်းပေးလမ်းပြ လိုက်နာကြရန် သွန်သင်ချက်များသာပါရှိတဲ့အတွက် သက်ဆိုင်ရာဘာသာဝင်အသီးသီးဟာ ယင်းအဆိုအမိန့် အဆုံးအမများကို တစ်စိုက်မတ်မတ် လိုက်နာစောင့်ထိန်းကြရန် လိုအပ်ပါကြောင်း၊ ဘာသာတရားတိုင်းဟာ လူသားများရဲ့ စိတ်နှလုံးကို ယဉ်ကျေးသိမ်မွေ့စေတာဖြစ်တဲ့အတွက် လူသားအချင်းချင်း မေတ္တာတရားများပွားများစေပြီး လူ့ကျင့်ဝတ်နှင့်အညီ လေးစားလိုက်နာကျင့်သုံးခြင်းအားဖြင့် လူ့သိက္ခာတိုးတက်မြင့်မားလှတဲ့ ယဉ်ကျေးမှုအသစ်များ ထွန်းကားလာစေမှာ ဖြစ်သည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ကြီးအတွင်း အတူတကွ မှီတင်းနေထိုင်ကြတဲ့ ခရစ်ယာန်ဘာသာဝင် တိုင်းရင်းသားပြည်သူအပေါင်းတို့ သည် ခရစ်တော်၏ ဟောကြားချက် အဆုံးအမတော်များကို ဦးထိပ်ထားလျက် ကျေးဇူးတော်အစုံကို ခံယူနိုင်ကြပါစေကြောင်း” ခရစ္စမတ်နှုတ်ခွန်းစကားပြောကြားကာ ပုသိမ်ကတ်သလစ်သာသနာ ကျောင်းထိုင်ဘုန်းတော်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ခရစ္စမတ်လက်ဆောင်များ အပြန်အလှန်ပေးအပ်ခဲ့ပြီးနောက် ပုသိမ်ကတ်သလစ်သာသနာ လက်ထောက်ဘုန်းတော်ကြီး ဖာသာပီဒဲလစ်က ဆုတောင်းမေတ္တာပို့သခဲ့သည်။ ယင်းနောက် ခရစ္စမတ်သီချင်းသီဆို၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် သူငယ်တော်ယေဇူးအား နှုတ်ဆက်၍ ခရစ္စမတ်နှင့် နှစ်သစ်ကူးကျေးဇူးတော် ချီးမွမ်းခြင်း အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)