မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မော်လမြိုင်မြို့၊ လေးကျွန်းသစ္စာရှင် နဂါးမောက် စေတီတော်မြတ်ကြီး စတုတ္ထအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲ၊ သံဃာ့ဒါနဆွမ်းခြောက်လောင်းလှူပွဲနှင့် ရေစက်ချမင်္ဂလာအခမ်းအနား တက်ရောက်

မော်လမြိုင် ဒီဇင်ဘာ ၂၆

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တောင်ရိုးတန်းတွင် တည်ထားကိုးကွယ်တော်မူသော ဣစ္ဆာသယ သိဒ္ဓိရှင်လေးကျွန်းသစ္စာရှင် နဂါးမောက် စေတီတော်မြတ်ကြီး၏ စတုတ္ထအကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲ၊ သံဃာ့ဒါနဆွမ်းခြောက်လောင်းလှူပွဲနှင့် အလှူတော်အစုစု ရေစက်ချမင်္ဂလာ အခမ်းအနားကို ဒီဇင်ဘာလ ၂၆ ရက်နေ့၊ နံနက်ပိုင်းက နဂါးမောက်စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်နှင့် ဓမ္မာရုံတော်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မွန်ပြည်နယ်တာဝန်ခံ) ဦးကိုကိုလွင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အလှူရှင်ဧည့်ပရိသတ်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက လေးကျွန်းသစ္စာရှင်နဂါးမောက် စေတီတော်မြတ်ကြီးကို ဖူး‌မြော်ကြည်ညို၍ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူ‌ဇော်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (မွန်ပြည်နယ်တာဝန်ခံ) ဦးကိုကိုလွင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အလှူရှင်များက စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ ပင့်သံဃာဆရာတော်ကြီးများနှင့် သံဃာ (၁၁၁) ပါးတို့အား သံဃာ့ဒါနဆွမ်းခြောက်များ လောင်းလှူခဲ့ကြသည်။

ယင်းနောက် အလှူတော်ရေစက်ချ မင်္ဂလာအခမ်းအနားကို စေတီတော်မြတ်ကြီး၏ ဓမ္မာရုံတော်၌ ဆက်လက်ကျင်းပပြုလုပ်ရာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ သီလတော်မြတ်များ ခံယူဆောက်တည်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် အလှူရှင်များက ကြွရောက်တော်မူလာကြသော ဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်ချီးမြှင့်တော်မူသော  ပရိတ်တရားတော်များ နာယူကြည်ညို၍လှူဒါန်းမှု အစုစုတို့အတွက်  ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓ သာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကာပြည်နယ်ဝန်ကြီးချုပ်က ဆရာတော်၊ သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)