မော်လမြိုင်မြို့နယ်တွင် ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများထံ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် မဲရုံသုံးပစ္စည်းများ ထုတ်ပေးလျက်ရှိ

မော်လမြိုင် ဒီဇင်ဘာ ၂၆

မော်လမြိုင်မြို့နယ်တွင် ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် မဲရုံသုံးပစ္စည်းများကို ယနေ့နံနက် ၆ နာရီကစတင်၍ ပြည်နယ်လွှတ်တော်ရုံးတွင် စနစ်တကျထုတ်ပေးလျက်ရှိကြောင်း သိရသည်။

 မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက မော်လမြိုင်မြို့နယ်အတွင်းရှိ မဲရုံများအတွက် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးစုလွှတ်တော်တို့တွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ် မဲပေးစက်များ၊ အရံစက်များ၊ ဆက်စပ်ပစ္စည်းများနှင့် မဲရုံသုံးပစ္စည်းများကို သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ထံ စနစ်တကျ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် မဲရုံသုံးပစ္စည်းများ ထုတ်ယူရာတွင် စနစ်တကျဖြစ်စေရေးနှင့် အမှားအယွင်းများမဖြစ်ပေါ်စေရေန်အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်နှင့်အဖွဲ့ဝင်များ တာဝန်ရှိသူအဆင့်ဆင့်က အနီးကပ်ကြီးကြပ်၍ သက်ဆိုင်ရာမဲရုံများအား ဇုံနယ်မြေများခွဲ၍ သက်ဆိုင်ရာ တာဝန်ရှိသူများထံ သတ်မှတ် အချိန်အလိုက်ထုတ်ပေးလျက်ရှိသည်။

မော်လမြိုင်မြို့နယ်အနေဖြင့် ရပ်ကွက်/ကျေးရွာ အုပ်စု(၄၂)တို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း ၂၁၉၁၆၈ ဦး ရှိပြီး မဲရုံပေါင်း (၁၁၇)ရုံရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှသိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)