ငွေဆောင် ဒီဇင်ဘာ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ ငွေဆောင်ကမ်းခြေသို့ ယမန်နေ့ဒီဇင်ဘာ၂၅ (ခရစ္စမတ်နေ့)က ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည် (၃၅၀၅)ဦး လာရောက်လည်ပတ်ခဲ့ပြီး ၂၀၂၅ခု နှစ်၊ ဒီဇင်ဘာလ( ၁၉) ရက်နေ့မှ စတင်ကာ ပြည်တွင်းခရီးသွားဧည့်သည် (၂၂၅၃၂)ဦး၊ ပြည်ပခရီးသွားဧည့်သည် ( ၅၀၀) ဦး၊ စုစုပေါင်း (၂၃၀၃၂)ဦး လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
ငွေဆောင်ကမ်းခြေသည် ကမ်းခြေသန့်ရှင်းသာယာလှပပြီး လည်ပတ်စရာနေရာများအဖြစ် ငွေဆောင်ဆင်စခန်းနှင့် Night Marketတို့အပြင် မြွေကျွန်း၊ ချစ်သူများကျွန်း၊ လိပ်ကျွန်း၊ ငှက်ကျွန်း၊ ဆင်မကျွန်း၊ကျွန်းလျားရှည် အစရှိသည့်ကျွန်းများကိုလည်း သွားရောက်လည်ပတ်နိုင်ပြီး ချောင်းသာကမ်းခြေနှင့် ဂေါ်ရန်ဂျီကမ်းခြေသို့လည်း နေ့ချင်းပြန် သွားရောက်လည်ပတ်နိုင်ကြောင်း သိရသည်။
ငွေဆောင်မြို့တွင် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှလုပ်ငန်းလိုင်စင်ရယူ၍ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသော ဟိုတယ်၊ တည်းခိုရိပ်သာ(၃၂)လုံးရှိပြီး ကမ်းခြေခရီးသွားလုပ်ငန်းစဥ်ဆက်မပြတ် ဆက်လက် တိုးတက်နေစေရန်အတွက် ပင်လယ်ကမ်းရိုးတန်းသယံဇာတ သဘာဝပတ်ဝန်းကျင် မပျက်စီးစေရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး၊ ပင်လယ်ပြင်ညစ်ညမ်းမှုမဖြစ်စေရေး၊ အမှိုက်ကင်းစင်သည့် ကမ်းခြေဖြစ်စေရေး၊ ခရီးသွားဧည့်သည်များ စိတ်အေးချမ်းပျော်ရွှင်စွာ အနားယူအပန်းဖြေနိုင်ရေးတို့အား ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှူးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
R – 014( ငွေဆောင်)