ပခုက္ကူမြို့၌ သံဃာတော်နှင့် သီလရှင်အပါး ၁၀၀၀အား နေ့ဆွမ်းလောင်းလှူဒါန်းပွဲပြုလုပ်

ပခုက္ကူ ဒီဇင်ဘာ ၂၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ သံဃာတော်နှင့်သီလရှင်အပါး ၁၀၀၀ အား နေ့ဆွမ်းလောင်းလှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အမှတ် (၁၅) ရပ်ကွက်၊ မြို့မလမ်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပပြုလုပ်သည်။

ပခုက္ကူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၏ ဦးဆောင်မှုဖြင့် (၂၃) ကြိမ်မြောက် သာသနာလင်္ကာရ အကျော်စာတော်ပြန်ပွဲကြွရောက်ဖြေဆိုတော်မူကြသော သံဃာတော်၊ သီလရှင်အပါး ၁၀၀၀ အား နေ့ဆွမ်းလောင်းလှူဒါန်းခြင်းဖြစ်ပြီး ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ပခုက္ကူမြို့၊ သာသနစက္ကပ္ပဝတ္တကအသင်းကြီး၏ (၂၃) ကြိမ်မြောက် သာသနာလင်္ကာရအကျော်စာတော်ပြန်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်မှ ၂၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဒီဇင်ဘာလ ၂၅ရက်တွင် (ပထမဆင့်-ဝိနည်းဘာသာရပ်) ဖြေဆိုကြကြောင်း၊ စာတော်ပြန်ပွဲကြွရောက်ဖြေဆိုရန် စာရင်းပေးသွင်းမှုအနေဖြင့် ပထမဆင့်တွင် သံဃာတော် ၁၁၇၂ ပါး၊ သီလရှင် ၁၁၇ ပါး၊ ဒုတိယဆင့်တွင် သံဃာတော် ၁၈၂ ပါး၊ သီလရှင် ၇၇ ပါး၊ တတိယဆင့်တွင် သံဃာတော် ၃၀ ပါး၊ သီလရှင် ၂၀ ပါး၊ စုစုပေါင်း သံဃာတော် ၁၃၈၄ ပါး၊ သီလရှင် ၂၁၄ ပါးရှိကြောင်း သိရသည်။

ဘာမီသာ