မြို့သစ် ဒီဇင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲများ သာမက ရာသီအလိုက်ကာလတို/ကာလရှည်သီးနှံမျိုးစုံကို စိုက်ပျိုးလျက်ရှိရာ ငရုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး ရောင်းချချိန်ငရုပ်သီးစိမ်းများအနည်းငယ် ပြန်တက်လာကြောင်း သိရသည်။
ငရုတ်သီးနှံသည်ပျိုးထောင်သည့်အချိန်မှစတင်ပြီး ခူးဆွတ်ရောင်းချိန်အထိ အမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစားဖြစ်ပြီး စိုက်ပျိုးမြေအမျိုးအစားနှင့် ရာသီဥတုအခြေအနေပေါ်မူတည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးမွှားနှိမ်နင်းဆေးများအသုံးပြုရကြောင်း ငရုတ်စိုက်ပျိုးသူ တစ်ဦးထံက သိရသည်။
ငရုပ်မျိုး(၂)ထုပ် စိုက်ပျိုးပါက ငွေကျပ်ဆယ်သိန်းခွဲ ဝန်းကျင်ခန့် ကုန်ကျကြောင်း စိုက်ပျိုးပြီး ရက်ငါးဆယ်ဝန်းကျင်တွင် အသီးများစတင်ခူးဆွတ်ရောင်းချရကြောင်း၊ အသီးစတင်ခူးဆွတ်ရာတွင် ပိဿာချိန်နည်းသော်လည်း အသီးလှိုင်ချိန်တွင် တစ်ခါခူးဆွတ်ပါက ပိဿာချိန် (၁ဝဝ)ပိဿာကျော်အထိ ခူးဆွတ်ရကြောင်း၊ (၂)ရက်ခြားတစ်ကြိမ်ခူးဆွတ်ရသဖြင့် နေ့စဉ်နီးပါးဝင်ငွေရကြောင်း၊ ရောင်းဈေးအနေဖြင့် ငရုတ်သီးတစ်ပိဿာ ငွေကျပ်(၆၀၀၀)ကျပ် ဝန်းကျင်ရောင်းချရကြောင်း၊ ယခင်ရက်များက(၃၀၀၀) ကျပ်စျေး အထိရောင်းချခဲ့ရကြောင်း၊ ယခုလက်ရှိစျေးနှုန်းမှာ ထက်ဝက်ခန့် စျေးနှုန်းပြန်တက်နေကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် စီးပွားဖြစ်ငရုတ်ပင်စိုက်ပျိုးသူများအနေဖြင့် “ငရုတ်အပွမျိုး၊ အတောင့်ရှည် ငရုတ်မျိုးနှင့် ထိုင်ဝမ်ငရုတ်မျိုးများကို အဓိကထားစိုက်ပျိုးကြကြောင်း၊ ထိုင်ဝမ်ငရုတ်မျိုးများသည် အခွံထူအထားခံမျိုးဖြစ်သောကြောင့် စိုက်ပျိုးမည်ဆိုပါက ဦးစွာသဘာဝမြေဩဇာဖြစ်သည့် နွားချေး၊ ကွန်ပေါင်းဓာတ်မြေဩဇာများနှင့် မြေပြုပြင်ထားမှသာ အပင်ဖြစ်ထွန်းမှုကောင်းပြီး အသီးထွက်နှုန်းကောင်းမွန်ကြောင်း သိရသည်။
သန်းဝင်းထွန်း (ပြန်/ဆက်)