သရက် ဒီဇင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်လုံးဆိုင်ရာ သတ္တဌာနဘုရားကြီး၏ (၁၃၆) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်နှင့် မြတ်စွယ်တော် အပူဇော်ခံပွဲ ဖွင့်ပွဲနှင့် ဗုဒ္ဓဘိသေက အနေကဇာတင်လှူပွဲဖွင့်ပွဲ ကျင်းပခြင်း အခမ်းအနားကို ယနေ့ နံနက် (၆) နာရီက ဗုဒ္ဓမြတ်စွယ်တော် ဂန္ဓကုဋီတိုက်၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားတွင် နမောတဿ (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်ပူဇော်သော ရွှေစေတီမှ ဗုဒ္ဓဘီသေကနေကဇာတင်လှူမည့် ပလ္လင်ထက်သို့ ပင့်ဆောင်ပေးခဲ့ကာ သတ္တဌာနဘုရားကြီး၏ ဩဝါဒစရိယဆရာတော်ကြီးများက ဗုဒ္ဓမြတ်စွယ်တော်နှင့် ဘုရားကြီး ပရဝုဏ်အတွင်းရှိစေတီပုထိုးရုပ်ပွားတော်၊ ဆင်းတုတော်များအား ဗုဒ္ဓဘိသေက အနေကဇာတင်လှူတော်မူပြီး ဩဝါဒစရိယဥက္ကဋ္ဌ ဆရာတော်ဦးသစ္စာနန္ဒထံမှ ငါးပါးသီလ ဆောက်တည်တော်မူကြသည်။
ထို့နောက် ဆရာတော်ကြီးများက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပေးခဲ့ပြီး ဆရာတော်များအား ဝတ္ထုအလှူငွေများ ဆက်ကပ်ပေးခဲ့ကာ မြခဲတောင်ကျောင်းထိုင်ဆရာတော်ထံမှ အနုမောဒနာ တရားနာယူ၍ လှူဒါန်းမှု အစုစုအတွက် အမျှပေးဝေခဲ့ပြီး ဗုဒ္ဓမြတ်စွယ်တော်ကို ဂန္ဓကုဋီတိုက်ရွှေစေတီအတွင်းသို့ ပင့်ဆောင်၍လည်းကောင်း ဆရာတော်များက "ဇယံတော ဗောဓိယာမူလေ" အစချီသော အောင်ဂါတာများ ရွတ်ဖတ်ပူဇော်ပေးခဲ့ကြပြီး "ဗုဒ္ဓသာသနံစိရံ တိဌတု" (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)