သဲကုန်း ဒီဇင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ရှိ ဒေသခံတောင်သူများအနေဖြင့် ပဲမျိုးစုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသတွင်း စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် ဝင်ငွေတိုးပွားစေရန်အတွက် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စိုက်ပျိုးထားသော မတ်ပဲနှင့် ပဲတီစိမ်းစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။
သဲကုန်းမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအနေဖြင့် မတ်ပဲနှင့် ပဲတီစိမ်းသီးနှံကို နိုဝင်ဘာလ ဒုတိယပတ်မှစတင်၍ စိုက်ပျိုးလျက်ရှိပြီး စိုက်ခင်းများအတွင်းရေသွင်းခြင်း၊ ပိုးမွှားရောဂါများ ကျရောက်တက်သည့် သီးနှံများဖြစ်သည့်အတွက် ရွက်ဖျန်းအားဆေးများ၊ အသီးအပွင့်အားဆေး၊ ပိုးသတ်ဆေး၊ မှိုဆေးများကို သီးနှံအထွက်နှုန်းကောင်းမွန်စေရန်နှင့် ဖျတ်ပိုးများ၏ အန္တရာယ် ကာကွယ်ရန်အတွက် အပတ်စဥ် ပတ်ဖြန်ပေးခြင်းများ ဆောင်ရွက်ပေးရပြီး အထွက်နှုန်း ကောင်းမွန်ရန် မျှော်လင့်ကြောင်း မတ်ပဲနှင့် ပဲတီစိမ်းသီးနှံစိုက်ပျိုးသူ တောင်သူတစ်ဦးထံမှ သိရသည်။
သဲကုန်းမြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲမျိုးစုံစိုက်ပျိုးမှုအနေဖြင့် မတ်ပဲရေဆင်း-၄ (၂၇၁၁ဧက)၊ ရေဆင်း-၇ (၁၀၀၀၀ ဧက)၊ TBL-9 (၂၅၀၀၀ ဧက)၊ ပဲတီစိမ်း (သြဇီ-၁၁၂၃ဧက)၊ (ရေဆင်း ၅၅၉ဧက )၊ ပဲကြီး (ဒေသမျိုး ၁၃၉ဧက)၊ ဘိုကိတ်ပဲ (ဒေသမျိုး ၁၆၈၂၂ဧက)၊ ပဲနောက် (ဒေသမျိုး ၇၅ဧက) စုစုပေါင်း (၅၆၃၅၄) ဧက စိုက်ပျိုးရန် လျာထားလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကိုကျော် (သဲကုန်း)