တောင်ငူမြို့နယ်အတွင်း ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ပေါင်းစပ်ညှိနှိုင်းခြင်း ဆောင်ရွက်

တောင်ငူ ဒီဇင်ဘာ ၂၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ပဲခူးတိုင်းဒေသကြီး တာဝန်ခံ ဦးအောင်မြင့်လွင်သည် တောင်ငူမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များ၊ မဲရုံအလိုက်တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား ယနေ့နံနက် ()နာရီအချိန်က တောင်ငူမြို့၊ ခပေါင်းခန်းမ၌ တွေ့ဆုံ၍ပေါင်းစပ်ညှိနှိုင်းခြင်း ဆောင်ရွက်သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ပဲခူးတိုင်းဒေသကြီးတာဝန်ခံ ဦးအောင်မြင့်လွင်က တောင်ငူမြို့နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် မဲရုံများတွင် တာဝန်ထမ်းဆောင်မည့်သူများအား  မဲရုံသတ်မှတ်ချက်နှင့်ညီဆောင်ရွက်ရန်၊ မဲရုံမှူးများအနေဖြင့် မဲပေးစက်ထုတ်ယူရာတွင် ပြည့်စုံစွာ သေချာစစ်ယူရန်၊ ဖြည့်သွင်းရမည့်ပုံစံများစနစ်တကျပုံစံရေးသွင်းရန်၊ ကြိုတင်မဲများ ရေတွက်ရာတွင် နိုင်ငံရေးပါတီကိုယ်စားလှယ်များရှေ့တွင် ရှင်းရှင်းလင်းလင်းဆောင်ရွက်ရန်၊ ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကို တင်ပြကြရန် အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့်အဖွဲ့ဝင်များက ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် စီမံချက်များ၊ ဆောင်ရွက်နေမှုများနှင့် ဆောင်ရွက်မည့်အကြောင်းအရာများကို ဆွေးနွေးပြောကြားပြီး ခရိုင်နှင့်မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များ၊ မဲရုံအလိုက်တာဝန်ထမ်းဆောင်ကြမည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများက အခက်အခဲများ၊ လိုအပ်ချက်များကိုဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ပဲခူးတိုင်းဒေသကြီးတာဝန်ခံ ဦးအောင်မြင့်လွင်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ပဲခူးတိုင်းဒေသကြီးတာဝန်ခံ ဦးအောင်မြင့်လွင်နှင့် တာဝန်ရှိသူများသည် အမှတ် (၁၅)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ အမှတ် (၁၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့၌ တတိယအကြိမ်ထုတ်ပြန်ကြေညာထားသော မဲဆန္ဒရှင်စာရင်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲထည့်ပေးကြရန်နှင့် မဲပေးခွင့်မဆုံးရှုံးစေရန် မဲစာရင်းပါရှိရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ ဥပဒေ နည်းဥပဒေများနှင့်အညီဆောင်ရွက်​ကြရန်တို့ကို သက်ဆိုင်ရာတာဝန်ရှိသူများအား အထူးမှာကြားပြီး အခက်အခဲများမေးမြန်းကာ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)