ပုသိမ်ကြီး ဒီဇင်ဘာ ၂၃
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် ဆောင်ရွက်သောရွာသစ်ကျေးရွာ “ကျေးရွာခန်းမ ဆောင်သစ်” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါခန်းမဆောင်၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်၊ အောင်မြေသာစံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေ၊ အမရပူရခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေလင်းထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ကူးကြသည်။
အစီအစဥ်အရ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မျိုးလွင်က အဖွင့်အမှာစကားပြောကြားပြီး၊ အောင်မြေသာစံခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေက ဆက်လက်အမှာစကားပြောကြားပြီးနောက်၊ မြို့နယ်ဦးစီးမှူး ဦးစန်းယုလှိုင်က ကျေးရွာခန်းမဆောင်သစ် ဆောင်ရွက်ခဲ့မှု လုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အဆိုပါ ရွာသစ်ကျေးရွာရှိ ခန်းမဆောင်မှာ အလျား(၂၇)ပေ၊ အနံ (၂၈)ပေ၊ အမြင့် (၁၀)ပေ ရှိပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျပ်သိန်း (၁၅၀)၊ ကျေးရွာပြည်သူထည့်ဝင်ငွေ (၃၄)သိန်းခန့်ဖြင့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို(ပြန်/ဆက်)